သျှမ်းသံတော်ဆင့်ကို ၁၉၉၁ ဒီဇင်ဘာ၂၇ ရက်နေ့တွင် သျှမ်းပြည်လွတ်မြောက်နယ်မြေတစ်နေရာ၌ စတင်တည်ထောင်ခဲ့ ပါသည်။ ထိုမှစ၍ သျှမ်း၊ ထိုင်း၊ ဗမာ၊ အင်္ဂလိပ် လေးဘာသာဖြင့် သတင်းနှင့်ဆောင်းပါး စာစောင်များထုတ်ဝေခဲ့ပါသည်။
သျှမ်းသံတော်ဆင့်ကို လူသိများလာစေသော အကြောင်းရင်းမှာ လစဉ်ထုတ်ဝေသည့် ဂွဏ်းခေါ် Independence စာစောင်ကြောင့် ဖြစ်ပါသည်။ ယခင်က လေးဘာသာဖြင့် ထုတ်ဝေခဲ့သော်လည်း ယခုတွင်မူ ဘဏ္ဍာရေး အခက်အခဲ ကြောင့် သျှမ်း-ဗမာ ၂ ဘာသာဖြင့်သာ ထုတ်ဝေ နေရပါသည်။
သျှမ်းသံတော်ဆင့်ကို စာရှုသူများ ပထမဦးဆုံး သတိမူမိသည်မှာ Independence စာစောင်ပါ လစဉ်အခန်းဆက် ဆောင်းပါးအဖြစ်မှ ၁၉၉၈ တွင် ဆောင်းပါးပေါင်းချုပ်အဖြစ် ထုတ်ဝေခဲ့သည့် ဗိုလ်ချုပ်ရွာ စာအုပ် ဖြစ်ပါသည်။ ထို့အပြင် လူဖတ်များသော အချို့စာအုပ်မှာ သျှမ်းဝါရင့် နိုင်ငံရေးသမားကြီးဦးရွှေအုန်း ရေးသားခဲ့သည့် တတိယ ပြည်ထောင်စု မြန်မာနိုင်ငံသစ်ဆီသို့၊ ဦးထွန်းမြင့် (တောင်ကြီး) ရေးသားသည့် ရှမ်းပြည်ဘယ်လဲ၊ ၁၉၆၁ တောင်ကြီး ပြည်နယ်ပေါင်းစုံ ညီလာခံကြီး နှင့် ဖက်ဒရယ်မူ တို့ ဖြစ်ကြပါသည်။
ဤနိုင်ငံရေး စာအုပ်များအပြင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သုတေသန အစီရင်ခံစာများဖြစ်ကြသော ပြယုဂ် Show Business (၂၀၀၃) "တစ်ကျိတ်တစ်ဉာဏ်တည်း" Hand in Glove (၂၀၀၆) နှင့် "မူးယစ်ဆေးဝါး စောင့်ကြည့်ရေး" Shan Drug Watch (၂၀၀၇) စသည်တို့ကိုလည်း ထုတ်ဝေခဲ့ပါသည်။
သျှမ်းသံတော်ဆင့်မှ နေ့စဉ်ထုတ်ဝေသည့် သျှမ်း၊ အင်္ဂလိပ်၊ ဗမာဘာသာ သတင်းများကို သျှမ်း-ဗမာ အင်္ဂလိပ်ဘာသာ အင်တာနက် ၀က်ဆိုဒ် www.shanland.org နှင့် www.mongloi.org တို့တွင်ဖတ်ရှုနိုင်ပါသည်။
ဦးတည်ချက်
ရှမ်းပြည် ပြည်သူများ လွတ်လပ်ရေး အရသာ စံစားနိုင်ရေးနှင့် လူသားတိုင်း ချစ်ကြည်ရင်နှီးစွာ ပေါင်းသင်း နေနိုင်ရေး တို့ကိုဦးတည်၍ ပြည်ထောင်စု မြန်မာနိုင်ငံ (အထူးသဖြင့် ရှမ်းပြည်) တွင် ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေများကို ရှမ်းပြည်သူ/ ပြည်ထောင်စုသားများနှင့် နိုင်ငံတကာသို့ မှန်ကန်စွာတင်ပြရန်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ စစ်မှန်-တရား-တန်းတူ-လွတ်လပ်သော ပြည်ထောင်စုစနစ်နှင့် တိုင်းရင်းသား အခွင့် အရေးတို့တွင် သျှမ်းပြည်သူများအတွင်း မြှင့်တင်ပညာပေးသွားရန်။
အမျိုးသား လက္ခဏာများဖြစ်သည့် ဘာသာစာပေယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ အမွေအနှစ်များ၌ ရှမ်းပြည်သူများအတွင်း ထုတ်ဖော်ထိန်းသိမ်းမြှင့်တင်အားပေး သွားရန်။
ရှေးဦးပဏာမ အာဘော်
သျှမ်းသံတော်ဆင့်သည် ဗုဒ္ဓ ဟုထင်ရှားသည့် သိဒ္ဓတ္တဂေါတမ က ရာဇဂြိုလ်မြို့တော်မှ အဘယမင်းသားအား ဟောကြား တော်မူသောစကားကြီး ၆ မျိုးကို ဦးညွှတ်လက်ကိုင်ထား၍ သတင်းများ၊ ဆောင်းပါးများရေးသားထုတ်ဝေ ပါသည်။
လူ့လောက၌စကား ၆ ခွန်းရှိ၏။
၁။ မဟုတ်မမှန်၊ အကျိုးစီးပွားနှင့်မအပ်စပ်၊ သူတပါးလည်း မနှစ်သက်သောစကား။
၂။ ဟုတ်မှန်၏၊၊ အကျိုးစီးပွားနှင့် မအပ်စပ်၊ သူတပါးမနှစ်သက်သောစကား။
၃။ ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့် အပ်စပ်၏၊ သူတပါးမနှစ်သက်သောစကား။
၎။ မဟုတ်မမှန်၊ အကျိုးစီးပွားနှင့် မအပ်စပ်၊ သူတပါးနှစ်သက်သောစကား။
၅။ ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့် မအပ်စပ်၊ သူတပါးနှစ်သက်သောစကား။
၆။ ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့် အပ်စပ်၏၊ သူတပါးလည်း နှစ်သက်သောစကား။
ဤစကား ၆ ခွန်းအနက် အချက် ၃ နှင့် အချက် ၆ စကား ၂ ခွန်းကိုသာလျှင် ငါပြောဆို၏။ ကျန်သောစကား ၄ ခွန်းကို ငါမပြောဆိုပေ။ အဘယ်ကြောင့်ဟူမူ ငါသည် ဝေနေယျသတ္တ၀ါတို့အပေါ် သနားကြင်နာသော ကြောင့်တည်း။(ပဇ္ဈိမပဏ္ဏသပါဠိတော် ဂဟပတိဝဂ်)
သျှမ်းသံတော်ဆင့်အနေနှင့် အထက်ပါ ဗုဒ္ဓဂေါတမ ညွှန်ပြသော စကားကြီး ၂ မျိုးဖြစ်သည့် သူတပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ ဟုတ်မှန်-အကျိုးရှိမှု အတိုင်း တတ်အားသရွေ့ လက်ကိုင်ထား ဦးစားပေးရသည်ကတကြောင်း၊ အာဏာရှင်စစ်အုပ်စု၏ အာဘော်မီဒီယာများနှင့် ခံစစ်အနေအထား၌ ယှဉ်ပြိုင်တိုက်ပွဲဝင်နေရသည်ကတကြောင်း တို့ကြောင့်၊ တခါတရံ အတိုက်အခံအင်အားစု အဖွဲ့အစည်း အချို့အပေါ် မမျှော်လင့်ဘဲ ပွတ်ကာသီကာထိခိုက်မိသည့် အခါများလည်းရှိ၏။
ပသို့ဆိုစေ၊ တိုင်းရင်းသားပြည်သူများ စစ်အာဏာပိုင်တို့၏ မျက်စိပိတ်နားပိတ် သတင်းလိမ် ထိန်ချန်-အဖြစ် မှန် ဖုံးဖိခံနေသည့် အဖြစ်သနစ်အနေအထားကိုထုတ်ဖေါ်ဖွင့်ချနိုင်ရေး အတွက် ကလောင်လက်နက်နှင့် ဆောင်ရွက်သွားရန် မိမိတို့တွင် အထူး တာဝန်ရှိကြောင်းခံယူသည်။ မှန်ကန်မြန်ဆန် တိကျသော သတင်းမျိုး ထုတ်ဖေါ်နိုင်ရန် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်သည်။
ထောက်ခံအားပေး ဖတ်ရှုသူများထံမှ ဝေဖန် ထောက်ပြ ဖေးမ ပံ့ပိုး ပြုပြင်မှုများကို အစဉ်အမြဲ လက်ကမ်းကြိုဆို ဖိတ်ခေါ်ပါသည်။
သျှမ်းသံတောင်ဆင့် အယ်ဒီတာချုပ်





လူ့လောက၌စကား ၆ ခွန်းရှိ၏။
(ပဇ္ဈိမပဏ္ဏသပါဠိတော် ဂဟပတိဝဂ်)