Shan Herald Agency for News (S.H.A.N.)

အမှားမခံသော နယ်ခြားစောင့်ပြောင်းလဲရေး အာခံခြင်း

E-mail Print
မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ ၊ အမျိုးသားဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် ၊ သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ၊ မွန်ပြည်သစ်ပါတီနှင့် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့များက နယ်ခြားစောင့်တပ်ပြောင်းလဲရေး အဆိုကို အာခံနေသည်မှာ တစ်နှစ်ခန့် အချိန်ကြာခဲ့လေပြီ။

၁၄ နှစ်ကြာရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ နိုင်ငံတော်တွင် လက်နက်ကိုင် တစ်ဖွဲ့သာရှိရမည် ဆိုသည့် မူ အရ မြန်မာစစ်တပ်မှ စစ်ဖက်ရေးရာအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က နယ်စပ်ဒေသများရှိ လက်နက်ကိုင်များ အားနယ်ခြား စောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် ၂ဝဝ၉ ခုနှစ် ဧပြီလ၂၈ ရက်နေ့ ကတည်းက တိုက်တွန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သော်လည်း အခြေခံဥပ ဒေမှာ တိုင်းရင်းသားတို့ လိုလားချက်များကို လျစ်လျူရှုထားသည့် အတွက် နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေးကို လက်မခံခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ်အတွင်း နယ်ခြားစောင့်တပ် မပြောင်းလဲလိုသည့် လက်နက်ကိုင်အဖွဲ့များ စုစည်း၍ မြန်မာစစ်တပ်၏ရန်မှ ကာကွယ်နိုင်ရန် ငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ်တပ်ဦး အမည်ဖြင့် စစ်ရေးမဟာမိတ် ကိုတိုးချဲ. ဖွဲ့စည်းခဲ့သေးသည်။

နယ်ခြားစောင့်တပ်ပြောင်းလဲရေး အဆိုပြုခဲ့သည်မှာ တစ်နှစ်နီးပါးကြာလာသည့်တိုင် တိုင်းရင်းသားတို့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေး အတွက် လက်နက််မစွန့်လိုသောကြောင့် တစ်ဘက်၌ မြန်မာစစ်တပ်နှင့် ဆက်လက် ဆွေး နွေးနေပြီးအခြား တစ်ဘက်၌ စစ်ရေးပြင်ဆင်မှုများကို အဆက်မပြတ် ပြုလုပ်နေကြသည်။

နှစ် ၂ဝ ကြာ အပစ်ရပ်ထားသည့် မြန်မာစစ်တပ်နှင့်လက်နက်ကိုင်တို့ နှစ်ဘက်ကြားတွင် တစ်နှစ်အတွင်း တွေ့ဆုံ ဆွေးနွေးမှု အကြိမ်ကြိမ် ရှိခဲ့သော်လည်း အဖြေထွက် မလာသေးပဲ လိပ်ခဲတည်းလည်း ဖြစ်နေရာ ယခုအချိန် သည်နှစ်ဘက်စလုံး အတွက် အမှားအယွင်းမခံသော ကာလတစ်ခုဆီဦးတည် လျှက်ရှိသည်။

နယ်ခြားစောင့်တပ် မပြောင်းရေး အာခံခြင်းသည် မြန်မာစစ်တပ်က ကမ္ဘာသိပြောထားသော ၂ဝ၁ဝ ခုနှစ် အတွင်းကျင်းပ မည်ဆိုသော ရွေးကောက်ပွဲအတွက် အဟန့်အတားတစ်ခု ဖြစ်လျှက်ရှိရာထိုအခြေအနေမှာ အတိမ်းအ စောင်းမခံနိုင်ပဲ ဖြစ်နေရသည်။

တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များ၏ ကံကြမ္မာသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ နက်ရိူင်းစွာ ဆက်စပ်တည်မှီနေ သဖြင့် အဖွဲ့တစ်ခုအတွင်း အပြောင်းအလဲသည် အခြားသော လက်နက်ကိုင်အဖွဲ့များအပေါ် အကျိုးသက်ရောက် မှု ရှိမည် ဖြစ်သည်။

ထို့အပြင် ဘဝတူများဖြစ်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၏ အရှေ့ဘက်မျက်နှာစာတွင် သျှမ်းပြည်တပ်မ တော်နှင့် တောင်ဘက်၌ မိုင်းလားတပ်ဖွဲ့က တည်ရှိသဖြင့် ပထဝီအနေအထားအရ ဆက်စပ်နေပြန်သည်။

လွန်ခဲ့သည်နှစ် သြဂုတ်လကုန်ပိုင်းက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ အဖွဲ့၏ မြောက်ဘက်တွင် တည်ရှိသော မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်လက်နက်ကိုင်အဖွဲ့ အား မူးယစ်ဆေးဝါးနှင့်လက်နက် စက်ရုံတည်ရှိမှု အကြောင်းပြချက်ဖြင့် မြန်မာစစ်တပ်က အင်အားသုံး တိုက်ခိုက်ခဲ့သည်။


ထိုသို့တိုက်ခိုက်ပြီးနောက် မြန်မာစစ်တပ် လိုလားသူ အဖွဲ့၏ ပြိုင်ဘက်ခေါင်းဆောင် ပိုင်ဆုံချိန်အား မြှောက်စားကာနယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းလဲစေခြင်းဖြင့် အာခံခြင်းကို အဆုံးသတ်စေခဲ့သည်။

ကိုးကန့်အဖွဲ့သည် စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး နယ်ခြားစောင့်တပ်ပြောင်းလဲရေးကို လက်မခံသောကြောင့် တိုက်ခိုက် ခဲ့သည်ဟု ဆိုကြသော်လည်း ၎င်း၏ မဟာမိတ်များက မြန်မာစစ်တပ်အား ပြန်တိုက်ခဲ့ခြင်းမရှိပဲ ကြေ ငြာချက်ထုတ်ပြန်ရုံ မျှသာ ပြုလုပ်ခဲ့သည်။

အကျိုးဆက်အားဖြင့် ကိုးကန့်နယ်မြေတစ်ခုလုံး မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်သို့ ကျရောက်ခဲ့ပြီး မြန်မာ စစ်တပ်များ ထိုနယ်မြေမှ ဆုတ်ခွာခြင်းမပြုတော့ပေ။

လပ်တလော၌ နယ်ခြားစောင့်အသွင်ပြောင်းရေးနှင့် မသက်ဆိုင်သော ပြဿနာများကိုလည်း အသွင်ပြောင်းရေးအာခံနေ သည့် လက်နက်ကိုင်အဖွဲ့များ ရင်ဆိုင်နေရသည်။

ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုတိုက်ဖျက်ရေး အဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည်လက်နက် ဝယ်ယူရန် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေသည်ဟု ထုတ်ပြန်ထားပြီး မြန်မာ့အိမ်နီးချင်း ထိုင်း နိုင်ငံမှလည်း ၄င်း၏နိုင်ငံအတွင်း ဖမ်းမိသော မူးယစ်ဆေးဝါးများသည် လက်နက်ကိုင်အင်အား ၃ သောင်း ကျော်ရှိသော ဝတပ်ဖွဲ့မှ ထုတ်လုပ်ကြောင်း စွပ်စွဲထားသည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော် အဖွဲ့အတွင်း၌လည်း ပြည်သူ့စစ် အသွင်ပြောင်းဖွဲ့စည်းရေးကို လက်ခံလိုသည့် အဖွဲ့နှင့် လက်မခံလိုသော အဖွဲ့များရှိနေသည် ဆိုသော ဂိုဏ်းကွဲရေး ဦးတည်သည့် သတင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။

လတ်တလော ပူပူနွေးနွေးဖြစ်ရပ်များမှာ ဇန်နဝါရီလ ၂၇ ရက်နေ့၌ သျှမ်းပြည်အတွင်းရှိ အပစ်ရပ် အမျိုးသားဒီမိုကရက်တစ် တပ်မတော် ခေါ် မိုင်းလားအဖွဲ့ မှ အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံလိုက်ရပြီး တဆက်တည်း သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ရှိ ဝ တပ်ဖွဲ့ဆက်ဆံရေးရုံးအနီးတွင် လက်သည်မသိရသော မပေါက်ကွဲ သေးသည့် ဗုံးတစ်လုံးကို တွေ့ရှိခဲ့သည်။

ထိုဖြစ်ရပ်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ကြံုတွေ့လာနိုင်သည့်ရှေ့ပြေးနိမိတ်များ သဖွယ်ဂယက် ထနေရာ လက်နက်ကိုင် အတွေ့အကြံုရှိသူများက တော်လှန်ရေး သတိကြီးစွာထားရမည့် အချိန်ဖြစ် သည်ဟုသတိပေး ပြောဆိုလာကြသည်။

ဦးမင်းအိမ် အသတ်ခံရသည့် အမှုတွင် မဟာမိတ် တိုင်းရင်းသား အဖွဲ့များအတွင်း အမြင်ရူပ်ထွေးလာ စေရန် ဖန်တီး၍မြန်မာ စစ်တပ်က အခွင့်ကောင်းကို အမြတ်ထုတ်ခဲ့သည်။

လုပ်ကြံသူများသည် မိုင်းလားမြို့ရှိ ဝ တပ်ဖွဲ့ပိုင် ဟိုတည်အတွင်း ဝင်ရောက်ထွက်ပြေး ပျောက်ကွယ် သွားသည် ဆိုသော ပြောဆိုမှုကြောင့် ဝ တပ်ဖွဲ့ခေါင်းဆောင်များ အပေါ် မြန်မာစစ်တပ်က တည်ဆဲဥပဒေအရ အရေးယူရန် သို့မဟုတ် နယ်ခြားစောင့်အသွင်ပြောင်းရေး ဖိအားပေးရန် အခွင့်အရေး ရရှိပေလိမ့်မည်။

လက်နက်ကိုင်အဖွဲ့များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးမှာ ဘုံရည်မှန်းချက် ဖြစ်သော်လည်း အကျိုးစီးပွားခြား နားမှုကို အခြေခံကာ မြန်မာစစ်တပ်က လက်နက်ကိုင် တစ်ဖွဲ့ခြင်းစီအပေါ် ကိုင်တွယ်ချဉ်းကပ်ပုံ ကွဲပြားနေသည်။

မြန်မာစစ်တပ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် စစ်ရေးအရ အင်အားသုံးတိုက်ခိုက်ရန် အလားအလာ မရှိဟု ဆိုနေချိန်တွင် အခြားတစ်ဖက်၌ နိုင်ငံရေးအရ အောင်မြင်စွာ ဖြေရှင်းရန် နည်းလမ်းမှာလည်း မရှိ သလောက် ဖြစ်သောကြောင့် နောက်ထပ် ကျင့်သုံးလာနိုင်သော နည်းဗျူဟာမှာ လက်နက်ကိုင်များအဖို့ ထိ လွယ်ရှလွယ်အနေ အထားရှိနေသည်။

ဦးမင်းအိမ်လုပ်ကြံမှုသည် ခံစားမှုများကို ဖြစ်ပေါ်စေသော အကြောင်းအရာကို ဖန်တီးကာ အဖွဲ့များကြား စည်းလုံးညီညွတ်မှု နှင့် စိတ်ဓါတ်ရေးရာကို ပျက်ပြားစေသော အကြံအစည်၏ ကနဦး လုပ်ဆောင်ချက်အဖြစ် ကျွမ်း ကျင်သူများကသုံးသပ်ကြ သည်။

မြန်မာထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ဖြုတ်ချခံရပြီးနောက်ပိုင်း တက်လာသည့် စစ်ဖက် ရေးရာလုံခြံုရေး အဖွဲ့သည် ပွဲဦးထွက်အနေဖြင့် နယ်ခြားစောင့်အသွင်ပြောင်းရေးကို ခေါင်းမာစွာ အာခံနေသော လက်နက်ကိုင်များအပေါ် အင်အားမသုံးပဲ လုပ်ပြချင်ဇော ထက်သန်နေပုံပေါ်သည်။

လုပ်ကြံသတ်ဖြတ်ရေးသည် လက်တွေ့တွင် အောင်မြင်စွာ လုပ်ဆောင်နိူင်လျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကံကြမ္မာအလှည့်အပြောင်းအား ဖြစ်စေသော နည်းဗျူဟာ အဖြစ် ယူဆခြင်းရှိသော် တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် သွားလာ နေထိုင် စားသောက်မှု မှန်သမျှ သတိကြီးစွာထားရတော့မည် ဖြစ်သည်။
 

VCD news on January 2012

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။