Shan Herald Agency for News (S.H.A.N.)

တပ်မတော်သားတွေ လေးစားချစ်ခင် အားကိုး ယုံကြည်ကြတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအစ ရွှေဂုံတိုင်ရပ်တည်ချက်

E-mail Print

အန်အယ်ဒီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဥက္ကဌ ဦးတင်ဦးဟာ လာမယ့် ရှေ့လ ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို နေအိမ်အကျယ်ချုပ် သက်တမ်း(၆)နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ နအဖက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ ပုဒ်မ(၁၀)(ခ)နဲ့မတရား အပြစ်ပေး အရေးယူခံထားရတာ ဖြစ်ပါတယ်။

ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်သက်တမ်းကို (၆)နှစ်သာ သတ်မှတ်နိုင်တာ ဖြစ်တဲ့အတွက် ရှေ့လမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖစစ်ကောင်စီဟာ တရားဥပဒေအတိုင်း လိုက်နာလုပ်ဆောင်လေ့ မရှိ တာကြောင့် အမှန်တကယ် တရားဥပဒေအတိုင်း ပြန်လည်လွတ်မြောက်မယ် မလွတ်မြောက်ဘူးဆိုတာ တပ် အပ်သေချာ ပြောလို့မရပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း လွတ်ရက်စေ့ပြီဖြစ်ပေမဲ့ ယက်တောအမှုဖြင့် အကွက် ဆင် စွဲချက်တင် ထပ်မံ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းက လုံလောက်သော အကြောင်းပြချက် ဖြစ်တဲ့အတွက် အခု တခါ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့မှာ လွှတ် မလွှတ်ဆိုတာဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ်မှာ မူတည်နေပါတယ်။

အဲဒါကိုက တရားဥပဒေအပေါ်မှာ စစ်ကောင်စီရှိနေတယ်ဆိုတာ အထင်းသား ပေါ်နေပါတယ်။ သူတို့ပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ သူတို့စစ်အုပ်စုဝင် စစ်ကောင်စီဝင်တွေနဲ့မဆိုင်ဘဲ ကျန်တဲ့ လူမျိုးစုံတိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ သန်း(၅၈)သော ပြည်သူတွေကသာ တရားဥပဒေကို မဖြစ်မနေ လိုက်နာဖို့လိုပြီးမလိုက် နာရင် အပြစ်ပေးအရေးယူခြင်းခံရမယ် ဖြစ်ပြီးတော့ကာ သူတို့အနေနဲ့တော့ လိုက်နာစရာ အကြောင်းမရှိဘူးဆိုတဲ့သဘော ပါ။ အတော်ခံပြင်းစရာ ကောင်းလှပါတယ်။

၂၀၀၃ခုနှစ် မေလက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ်မော်တော်ယာဉ်တန်းကို ဒီပဲယင်းမြို့ ကျည်ရွာအနီးမှာ အင်အား(၅၀၀၀)ခန့်ရှိတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ခံခဲ့ရပြီး အဲဒီ အချိန်ကတည်းက နအဖရဲ့ ထိန်းသိမ်းထားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်သတ်ဖြတ်မှုကြီးဟာ နိုင်ငံတော်ကကြိုးကိုင်စီစဉ်တဲ့ဒီပဲယင်း လုပ်ကြံ မှုကြီးအဖြစ် ကမ္ဘာသိ ထင်ရှားကျော်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး ဦးတင်ဦးကိုတော့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်း ထောင်ကို ပို့ဆောင် ချုပ်နှောင်ထားခဲ့ပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ (၉)လနေခဲ့ရပြီး ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ မှာတော့ ရန်ကုန်မြို့နေအိမ်မှာ အကျယ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင်ထားခဲ့ပါ တယ်။ အန်အယ်လ်ဒီ် ဒု-ဥက္ကဌဦးတင်ဦး ဟာ အသက်(၈၃)နှစ် ရှိနေပြီဖြစ်ပါတယ်။ ဗမာ့တပ်မတော်မှာ ကာ ကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက် တပ်မတော် သားအများရဲ့ လေးစားချစ်ခင် ကြောက်ရွံ့ခြင်းကိုရယူခံစားနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။

ကျနော် ကြားဘူးတာ ပြောရရင် ဗိုလ်ချုပ်ကြီးဦးတင်ဦးဟာ သူတာဝန် ထမ်းဆောင်နေစဉ်ကာလတွေအတွင်းတာဝန်ကျရာ ဒေသ ဒါမှမဟုတ်ရင်လည်း တာဝန်အရ ခရီးထွက်ခွာ ညအိပ်ရပ်နားရာဒေသတွေမှာ ရှိတဲ့တပ် တွေကိုရောက်ရင် အရင်ဆုံး တပ်စားဖိုဆောင်ကို သွားရောက်ပြီး ဟင်းအိုးတွေကို လိုက်လှန်ကြည့်တယ်၊ ချက် ထားတဲ့ဟင်းပုံစံက ရဲဘော်တွေအတွက် အဟာရဖြစ်မဖြစ်၊ သန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်ထားတဲ့အတိုင်း စကေး အတိအကျနဲ့ ချက်မချက် စစ်ဆေးတယ်၊ ပြီးရင် ရဲဘော်တွေနဲ့ လက်ရည်တပြင်တည်း ထိုင်စားတယ်လို့ ကြား ဘူးပါတယ်။ သူ့အတွက် သီးသန့် လုပ်ပေးခိုင်းတာမျိုးမရှိဘဲ ကိုယ်တိုင် ထမင်းပန်းကန်ပြားဆွဲ သူများနည်းတူ စကေးအတိုင်း အတူစားတယ်လို့ အတုယူအားကျဖွယ်မှတ်သားကြားနာ ဘူးပါတယ်။

သူပြောတာက ရဲဘော်တွေက တကယ်တန်း အပင်ပမ်းခံ အဆင်းရဲခံ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး နိုင်ငံတော်လုံခြံုရေး အတွက် သက်စွန့်ဆံဖျား အမှုထမ်းနေရတာဖြစ်လို့ သူတို့တွေအတွက် အစားအသောက် အချက်အပြုတ် ဟာ အင်မတန် အရေးကြီးတယ်။ အားရှိဖို့ အဟာရဖြစ်ဖို့လိုတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုတယ်၊ ကောင်း ကောင်းမွန်မွန်ချက်ကျွေး ကြဖို့ မှာလေ့ရှိတယ်ဆိုတာ ကြားဘူးပါတယ်။

ဒါကြောင့်လည်း ရောက်လေရာတိုင်းမှာ ဟိုးအောက်ခြေကအစ တပ်မှူးတပ်သား အကြပ်စစ်သည်တိုင်းက ဗိုလ်ချုပ်ကြီး တင်ဦးကို လေးစားချစ်ခင် ကြောက်ရွံ့ကြတာ ဖြစ်ပါလိမ့်မယ်။ ရဲဘော်တွေရဲ့ဘဝကို သဘောပေါက် နားလည်တဲ့ တကယ့် စစ်သားကောင်းပီသလွန်းတဲ့ စစ်သားကြီးတယောက် ဖြစ်ပါတယ်။

ဒီလိုမျိုး တပ်မတော်သားအများက လေးစားချစ်ခင်ကြည်ညိုတဲ့ စစ်သားကောင်းကြီး ဗိုလ်ချုပ်ကြီးတင်ဦးဟာ အခုတော့ နေအိမ်မှာ အကျယ်ချုပ်ချခံထားရတာ လာမယ့် ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို (၆)နှစ်တင်းတင်း ပြည့် သွားခဲ့ပါပြီ။စီရင်ချက် ပြစ်ဒဏ်လည်း ပြည့်သွားပြီဖြစ်လို့ လွှတ်ပေးဖို့သာ ရှိပါတော့တယ်။ တရားဥပဒေကြောင်း အရဆို လွှတ်ကိုလွှတ်ပေးရမှာပါ။ မလွတ်စရာအကြောင်းလည်း ဘာမှမရှိပါဘူး။ မလွှတ်ပေးဘူးဆိုရင် ဥပဒေချိုး ဖောက်ရာ ကျမှာပါ။ နိုင်ငံတော်ကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်ရာ၊ မလိုက်နာရာ ရောက်ပါတယ်။

ဒါပေမဲ့ လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာက နအဖဥက္ကဌကြီး သဘောအတိုင်း ဖြစ်နေပါတယ်။ ဒီလိုဆိုရင်နအဖဥက္ကဌ ကြီးက ဥပဒေရဲ့အထက်မှာ ရှိနေလို့ပေါ့။ သူသဘောတူရင် လွှတ်၊ သူသဘောမတူရင် မလွှတ်နဲ့ အပြစ်ရှိရှိ မရှိရှိ။သက်ဦး ဆံပိုင်ဘုရင်ကြီးလို ဖြစ်နေတာပေါ့။ ဘာကြောင့်များ မလွှတ်ရဲဖြစ်နေရတာလည်း မသိ။ ဒီနှစ်လွတ်လပ်ရေးနေ့သဝဏ်လွှာ မှာ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲကို ၂၀၁၀ခုနှစ်အတွင်း ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုခဲ့တာကိုအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ထပ်လောင်းအတည်ပြုပြောကြား ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်ပေးလိုက်ရင် သူတို့ရွေးကောက်ပွဲအတွက် တမျိုးတမည်ဖြစ်သွားမှာကိုစိုးရိမ် ကြောက်လန့်တာလည်း ဖြစ်နိုင်သလို တပ်မတော်ရဲ့အစဉ်အလာအတိုင်း ကိုယ့်ထက် ၀ါစဉ်အရ သမ္ဘာစဉ် အရမြင့်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို မျက်နှာချင်းမဆိုင်ဝံ့ ရင်မဆိုင်ရဲလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေးအရ လည်း မယှဉ်နိုင် မယှဉ်ဝံ့တဲ့အတွက် ဒေါင်းယောင်ဆောင်တဲ့ကျီးလို သူတော်ကောင်းတွေ ကြား လူမိုက်နေလို့မရသလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီဟာ ၁၉၉၀ မေလရွေးကောက်ပွဲမှာကတည်းက ၈၂%မဲအပြတ် အသတ်နဲ့ အနိုင်ရထားခဲ့ပေမဲ့လို့ စစ်ကောင်စီက အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့တာ ကနေ့ ထိတိုင် ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတဲ့ အန်အယ်လ်ဒီ ပါတီ အဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေချိပ်ပိတ်ခံခဲ့ ရတာဖြစ်ပြီး ပါတီဝင်အများအပြားလည်း ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါ တယ်။

နောက်တခုက မကြာသေးခင်ကလေးတင် ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါတီ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးချဲ့ဖွဲ့စည်းလိုက်တာ အခုဆိုရင် စုစုပေါင်း စီအီးစီ အယောက် (၂၀)တောင် ဖြစ်သွားပြီ မဟုတ်ပါလား။ နောက်ထပ် (၉) ဦးကို ထပ်တိုးချဲ့လိုက် တာပါ။ လတ်တလော အန်အယ်လ်ဒီပါတီကလည်း အကျဉ်းအကျပ်ကြားထဲက အတော်လေး လှုပ်ရှားလာပါ တယ်။ ဖမ်းကာမှ ဖမ်းရော လုပ်ရမယ့်-သင့်တဲ့ကိစ္စတွေကိုတော့ လုပ်ရမှာပဲဆိုတဲ့အသိ ပိုမိုနိုးကြားလာတာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဓိကဆုပ်ကိုင်ထားတဲ့ မကြောက်တရားစိတ်ဓါတ် ပိုမိုအသက် ၀င် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

လူငယ်လုပ်ငန်းအဖွဲ့တွေ ပြင်ဆင်တိုးချဲ့ဖွဲ့စည်း တာဝန်ပေးတာ၊ ပြည်နယ်နဲ့တိုင်း အမျိုးသမီးအဖွဲ့တွေ တွေဆုံဆွေးနွေး ကြတာ၊ စီအီးစီတိုးချဲ့ဖွဲ့စည်းပြီးနောက်မှ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နဲ့အဖွဲ့ကို ခရီးသွား ခွင့်ပြုတာ တနည်း ဒီချုပ်အဖွဲ့ဝင်တွေနဲ့ကော ပြည်သူလူထုတွေနဲ့ကော စကားပြောဆို မေးမြန်းတင်ပြ ပြန်လည် ဖြေကြားရှင်းလင်းနိုင်ခဲ့တာ တွေဟာ ဘုရားလည်းဖူး လိပ်ဥလည်းတူးခွင့်အဖြစ် အမိအရ အသုံးချလိုက်နိုင်တာ ဖြစ်ပါတယ်။လက်ရှိအနေအထားတွေ ကို ချပြရှင်းလင်းတဲ့ စည်းရုံးရေးခရီးစဉ်လို့တောင် ပြောနိုင်မယ်ထင်ပါ တယ်။

တဖန် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း အန်အယ်လ်ဒီက အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသား များအားလုံး ပြန်လွှတ်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်များကိုပြင်ဆင် ပေးဖို့၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာစောင့်ကြပ် လေ့လာမှုများကို ခွင့်ပြုဖို့ နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို လေ့လာပြီး ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ တောင်းဆိုရေးသား ဖော်ပြထားတဲ့ရွှေဂုံတိုင်ကြေညာ စာတမ်းကို ပြီးခဲ့တဲ့ ၂၀၀၉ခု ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါ တယ်။

ဆက်လက်ပြီးတော့ ထွက်လာမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်းဥပဒေတို့၊ ကော်မရှင်ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့အပေါ်မှာလည်း ပါတီအနေနဲ့ ကြည့်ရဦးမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆို ထားတဲ့စီအီးစီ အားလုံးနဲ့ မျက်နှာစုံညီ တွေ့ဆုံခွင့်ရရှိရေးကို နအဖက ခွင့်ပြု-မပြုပေါ်မှာလည်း မူတည်ပါတယ်လို့ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက မကြာသေးခင်လေးက ပြောကြားခဲ့တာလည်း ရှိပါတယ်။ လောလောဆယ်တော့ရွှေဂုံတိုင် ကြေညာချက်အပေါ်မှာပဲ ဆက်လက်ကိုင်စွဲ ရပ်တည်သွားရဦးမဲ့ အနေအထား ပါ။ နောက် ထူးခြားတယ်လို့ထင်စရာရှိ တာက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်နဝါရီလ(၁၅)ရက်နေ့က ဒီနှစ်၂၀၁၀မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ်် နိူဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ ဒုတိယစာပေးပို့အပြီးနောက်ဦးအောင်ကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ပထမအကြိမ် တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက်အရွယ်ကြီးရင့်လို့ နေအိမ်မှာနေ နေကြရတဲ့့အဖွဲ့ချုပ် ခေါင်းဆောင်သုံးဦးတို့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် တွေ့ဆုံအပြီး နှစ်ရက်အကြာ ဇန်နဝါရီလ (၁၇)ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ညီလာခံတခုမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူတာအိုကားဒါးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရဝန်ကြီး ဦးဉာဏ် ၀င်းက ၂၀၁၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါ၀င်ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရနိုင်ငံခြား ရေးဌာနကြေညာချက်မှာ ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုရဲ့ အကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေမှာ သို့လောသို့လော ဖြစ်နေရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါ တယ်။

ဒီကာလအတွင်းမှာပဲ ဇန်နဝါရီလ(၁၉)ရက် အင်္ဂါနေ့က ၀ါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ပ်ကမ်းဘဲလ်က စစ်အစိုးရအဆင့်မြင့်အရာရှိပိုင်းနဲ့ အမေရိကန် အစိုးရအရာရှိပိုင်းတို့ မကြာခင်မှာ တွေ့ဆုံမယ့်အကြောင်း ပြောကြားလိုက်သလို ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကို လည်း တိုးတက်မှုတွေအဖြစ် သုံးသပ်ပြောကြားထားပါတယ်။ မြန်မာ့အရေး လေ့လာနေသူတွေကတော့ လော လောဆယ် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုအပ်တဲ့ အရေး ကြီးတဲ့ကာလပါလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကိုပါ လွှတ်ပေးမှာပါလို့ နှုတ်ကတိပေး ပြောခဲ့ရာမှာ ဦးတင်ဦးကိုတော့ အရင်ပြန်လွှတ်ပေးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာမယ့် နိုဝင်ဘာလမှာလွှတ်ပေးပါ မယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် ကြေညာချက်မျိုး၊ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် အတည်ပြု၍ မရသေးပါ။ ဗိုလ်ချုပ်မောင်ဦးဟာ အရင်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ် ဒဏ်(၃)နှစ် ချလိုက်တုန်းက (၁၈)လ (၁)နှစ်ခွဲသာ ကျခံရမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်စာကို ကိုယ်တိုင်လာ ရောက် ဖတ်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောကြားချက် နှုတ်ကတိတွေဟာ ဘယ်လောက်မှန်ကန် တိကျမယ်ဆိုတာ သေချာတပ် အပ် ပြောဖို့ရာကတော့ သိကြတဲ့အတိုင်း အရင်က စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် မှန်းဆ တွက်ချက်လို့ ရနိုင်မယ် ထင်ပါတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့ဘူးပါတယ်။ ဘယ်သူမှ ဥပဒေရဲ့အထက်မှာ မရှိစေရဘူးလို့ ဒီလိုပြောခဲ့ပြီး နောက်တော့ လုပ်ချင်သလိုလုပ်တာပါပဲ။ စစ်အာဏာရှင် စနစ်မှာ ထိပ်ဆုံးအာဏာအရှိဆုံး ပုဂ္ဂိုလ်က သူ့စိတ်အတိုင်း လုပ်ချင်သလို လုပ်ကြတာမျိုးပါ။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးကို ပြန်လွှတ်ပေးလိုက်ရင် အန်အယ်လ် ဒီအတွက် ကြီးမားတဲ့ အင်အားတရပ်ဖြစ်သွားမှာ သေချာသလို ပြည်သူလူထုတရပ်လုံးအတွက်လည်း စိတ်ဓါတ် ခွန်အား သတ္တိကို တိုးပွားစေမှာ ဖြစ်ပါတယ်။ တပ်မတော်သားများအတွက်လည်း သူတို့ရဲ့ ယုံကြည် အားကိုးရာ တိုင်တည်ရာဗိုလ်ချုပ်ကြီး တဦး ပြန်လွတ်မြောက်လာတဲ့အတွက် အားတက်မိကြမှာ အမှန်ပါပဲ။ စစ်သားကောင်း ဗိုလ်ချုပ်ကြီးကို အားကိုးတကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

တဘက်မှာလည်း တပ်မတော်ရေးရာ စစ်ဘက်နောက်ဆက်တွဲကိစ္စရပ်တွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက် လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါ အဝင် တပ်ရင်းလိုက် ထွက်ပြေးမှုတွေ၊ စစ်ဘက်ရေးရာ အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ကိုသူရ အောင်တို့ကို မတရားပြစ်ဒဏ်ချ သေဒဏ်ပေးလိုက်တာတွေ၊ အခုဆိုရင် ရဲဘက်ဝန်ထမ်းတွေပါ အစုလိုက်ထွက်ပြေးလာနေကြ တာတွေဟာ အခြေခံစားဝတ်နေရေး မပြေလည်မှု၊ ၀င်ငွေထွက်ငွေ မညီမျှမှုနဲ့ တပ်မတော် သားအခွင့်အရေးလုံးဝဆုံးရှုံး နေမှု စတာတွေအပေါ် သည်းညည်းမခံနိုင်တော့ဘူး ဆိုတဲ့အချက်ကို မီးမောင်းထိုး ပြနေတာသာ ဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ စစ်သားတွေရဲ့ဘဝကို ကောင်းကောင်းနားလည် သဘောပေါက်ထားတဲ့ တပ်မတော်သား အများ ကြည်ညိုလေးစား ချစ်ခင်အားကိုးတဲ့ စစ်သားကောင်းကြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဟောင်းဗိုလ်ချုပ်ကြီး ဦးတင်ဦးကို နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လွှတ်ပေးရဲပါ့မလား ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အမှန်ကတော့ နဂိုကတည်းက မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွှတ်ကိုလွှတ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်ပေးရင်လည်း ဘာမှကို အံ့သြစရာမရှိသလို ကျေးဇူး လည်းတင်စရာ မလိုပါဘူး။

လက်ရှိတပ်မတော်အတွင်းမှာ ဖြစ်ပွားနေတဲ့ သည်းညည်းမခံနိုင်မှုတွေက အချိန်မရွေး ထပေါက်ကွဲလာနိုင်တာ ကြောင့် ဗိုလ်ချုပ်ကြီးဦးတင်ဦးရဲ့ စစ်သားကောင်းပီသမှုတွေ၊ ရဲဘော်တွေအပေါ် ကိုယ်ချင်းစာနားလည်မှုတွေက ကြည်း ရေ လေ တပ်မတော်သားတွေကို ပြည်သူတွေဘက် ကူးပြောင်းရပ်တည်လာစေနိုင်သလို၊ အမိန့်နာခံမှု လျော့ကျလာပြီးကြားနေရပ် တည်မယ့် အနေအထားမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်ဟာ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် (၉၅)နှစ် ပြည့်မယ့် မွေးနေ့ဖြစ်သလို အသက် (၈၃)နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ မတရားပြစ်ဒဏ်ချ သက်တမ်း (၆) နှစ်ပြည့်မြောက် တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်သားအားလုံးကို ပြည်သူဘက်ကို မျက်နှာမူ ကူးပြောင်းရပ်တည်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ဖို့ ထပ်မံပြောကြားလိုက်ပါရစေ။

အဲဒီတော့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာ ကျနော်တို့ ကြည်း ရေ လေ တပ်မတော်သားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက နားစွင့်ထားကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို အားမာန်အပြည့်နဲ့ ၀န်းရံအားဖြည့်ပေးပြီးတော့ကာ မကြောက် တရားကိုကိုင်စွဲ တိုက်ပွဲဝင် ပေးဆပ်ရန် အဆင်သင့်ပြင်ထားကြဖို့သာရှိကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါ တယ်။

 

VCD news on January 2012

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။