ယခု MIG 29 ဂျက်တိုက်လေယာဉ်များ ၀ယ်ယူခြင်းသည် မြန်မာ့ အိမ်နီးနားချင်း နိုင်ငံများ၏လေကြောင်း စစ် ဆင်ရေးကို တန်ပြန်ဟန့်တားနိုင်ရန်နှင့် အဆိုပါ လေယာဉ်များ မောင်းနှင်ရန်အတွက် ဒီဇင်ဘာလ ၂၄ ရက်နေ့က မိထ္ထီလာ ရှမ်းတဲ လေတပ်စခန်း၌ ဒုမှူးကြီးအဆင့်ရှိသူ အရာရှိများသည် လေတပ်စစ်ဆင်ရေးမှူးသင်တန်း အမှတ်စဉ် ၁ သို့ တက်ရောက်နေကြောင်း မြန်မာစစ်တပ် သတင်းများကို ဖေါ်ပြနေသော ဖိုးတရုတ် ၀က်ဆိုက် က ဆိုထားသည်။
သို့သော် နယ်စပ်ဒေသများရှိ အပစ်ရပ်လက်နက်ကိုင် တပ်ဖွဲ့များကို ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ် အ ဖြစ် အသွင်ပြောင်းရန် မြန်မာစစ်တပ်က အပြင်းအထန် ဖိအားပေးနေချိန်တွင် ယခုလို ဂျက်တိုက်လေယာဉ်များ ၀ယ်ယူခြင်းသည် နယ်ခြားစောင့်တပ် ပြောင်းလဲရေးကိုအာခံနေသော အပစ်ရပ်အဖွဲ့များအား စစ်ရေးအရ သတိ ပေး သကဲ့သို့ ဖြစ်စေသည်။
ထို့အပြင် ပြောက်ကျားနည်းဗျူဟာအတွက် သမရိုးကျစစ်ပွဲသုံး လက်နက်ငယ်များသာ ပိုင်ဆိုင်ဖွယ်ရှိသော အပစ် ရပ်အဖွဲ့များ အပေါ် စိတ်ဓါတ်ရေးရာအရ ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်မည်။
အပစ်ရပ်အဖွဲ့များက မြန်မာစစ်တပ်၏ လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်နိူင်ခြင်းကို အကျိုးသက်ရောက်မှု အဖြစ် ထည့်သွင်း စဉ်းစားလျှင် ဝေဟင်မှ ပစ်အားအသာစီးယူ၍ ၎င်းတို့ကို ချေမှုန်းရန် ကြံစည်အားထုတ်မှုတစ် ရပ် အဖြစ် ယခုကိစ္စကို ရူ့မြင်ကြမည်ဖြစ်သည်။
မြန်မာစစ်တပ်ကလည်း ၎င်းအပစ်ရပ်အဖွဲ့များထဲတွင် လက်နက်ကိုင်အင်အား အတောင့်တင်းဆုံးဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တစ်ဖွဲ့တည်းကသာ ၎င်းတို့၏ လေကြောင်း ထိုးစစ်ကို အံတုနိုင်သော ဗျူဟာမြောက် ခေတ်မှီ လက်နက်များကို ပိုင်ဆိုင်ဖွယ်ရှိကြောင်း ကြိုတင်တွက်ဆထားပုံရသည်။
အပစ်အခတ်မရပ်ဆဲခင်ကာလများက သူပုန်များထံတွင် မြန်မာလေတပ်ကို ခြိမ်းခြောက်နိုင်သော အချင်း ဒသမ ၅ မီလီမီတာ စက်သေနတ်ကြီးများသာ ရှိခဲ့သော်လည်း အပစ်အခတ်ရပ်ဆဲထားသည့် နှစ် ၂၀ ကျော်ကြာကာလတွင် ပုခုံးထမ်း လေယာဉ်ပစ် Sam Misile ဒုံးကျည်များကို အပစ်ရပ်အဖွဲ့ အချို့က ပိုင်ဆိုင်ထားသည့် အနေအထား ရှိနေခြင်းဖြစ်သည်။
မြန်မာ လေတပ်တွင် ယခင်အသုံးပြုခဲ့သော PC 6 / 7 / 9အမျိုးအစား လေယာဉ်များဖြင့် အသုံးပြုတိုက်ခိုက်မည် ဆိုပါက အဆိုပါ ပုခုံးထမ်း ဒုံးများ၏ ဟန့်တားပစ်ချခြင်းကို ခံရမည်မှာ ဧကန်မလွဲဖြစ်သည်။
ယုတ်စွအဆုံး မီတာ ၃၀၀၀ ကျော်အထိ ထိရောက်သော ဒသမ ၅ စက်သေနတ်ကြီးများဖြင့် မြန်မာစစ်တပ်၏ လေကြောင်းရန်ကို ကာကွယ်ထားနိုင်မည် ဖြစ်သည်။
ယခု ၀ယ်ယူမည့် MIG29 များသည် မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံတွင် အသုံးပြုနေသော အမေရိကန်လုပ် F16 နှင့်နှိုင်းယှဉ်လျှင် ခေတ်ပြိုင် တိုက်လေယာဉ်များဖြစ်ကြသည်။
၂၀၀၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မြန်မာ - ထိုင်း နယ်စပ်စစ်ပွဲများတွင် ထိုင်းဘက်မှ F16 တိုက်လေယာဉ်များဖြင့် အသုံးပြု စစ်ဆင်လာခြင်းကို မြန်မာလေတပ်က ဟန့်တားနိုင်စွမ်းမရှိခဲ့သဖြင့် ရာနှင့်ချီသော မြန်မာကြည်း တပ် သားများ ထိုင်းလေတပ်၏ ချေမှုန်းခြင်းကို မရူ့မလှ ခံခဲ့ရသည်။
ယခုရုရှားထံမှ ၀ယ်ယူရန် စာချုပ်ချုပ်ထားသော အဆိုပါ တိုက်လေယာဉ် အစီး ၂၀မှာလည်း နှစ်ပေါင်းများစွာ ဂိုဒေါင်များအတွင်း သိုလှောင် ထားသော လက်ကျန် လေယာဉ်အိုများသာ ဖြစ်ကြောင်း စစ်ရေးလေ့လာ သူများက ဆိုသည်။
အဆိုပါ တိုက်လေယာဉ်များ၏ တိုက်စွမ်းရည်မှာ တပ်ဆင်ပေးလိုက်သော နည်းပညာပေါ်တွင် မှီတည်နေပြီး ရုရှားစစ်တပ်သုံး အဆင့်မြင့် နည်းပညာများကို ပြည်ပသို့ရောင်းချရာတွင် တပ်ဆင်ပေးခြင်းမရှိကြောင်း လေ့လာ သူများက ဆိုကြသည်။
ပင်လယ်ကွေ့စစ်ပွဲကာလက အီရတ်လေတပ်က အသုံးပြုသော ရုရှားလုပ် MIG 29 ဂျက်တိုက်လေယာဉ်များ သည် အမေရိကန်လေတပ်မှ F22 ဂျက်တိုက်လေယာဉ်များကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိ၍ အီရန်နိူင်ငံအတွင်း
ရာနှင့်ချီသော လေယာဉ်များထွက်ပြေးခိုလှုံခဲ့ရခြင်းက အဆင့်မြင့်နည်းပညာများ တပ်ဆင်ထားခြင်းမရှိ သော ကြောင့် ဖြစ်ကြောင်း သုံးသပ်ကြသည်။
MIG 29 တိုက်လေယာဉ်များက အိမ်နီးချင်းနိုင်ငံများမှ လေယာဉ်များနှင့်မယှဉ်သာသော်လည်း နယ်စပ်ဒေသများ မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပိုင်ဆိုင်ထားဖွယ်ရှိသော အပူလှိုင်းခံ၍ ပစ်မှတ်ရှာ ပုခုံးထမ်းဒုံးကျည် များ ရန်မှ ရှောင်ကွင်း နိုင်သော စွမ်းရည်များ ရှိသည် ဟု ဆိုသည်။
ပုခုံးထမ်းဒုံးများက အမြင့်မီတာ ၁ သောင်းကျော် အကွာအဝေးအတွင်း၌ သာ ပစ်ခတ်ထိရောက်နိူင်စွမ်းရှိပြီး MIG 29ဂျက်တိုက်လေယာဉ်များကအမြင့်မီတာ ၅၀၀၀၀ ကျော်အထိ တက်ရောက်ပျံသန်းနိူင်သောကြောင့် ဖြစ်သည်။
လတ်တလော မြန်မာစစ်တပ်၏ ဂျက်လေယာဉ် ၀ယ်ယူမှုကြောင့် အပစ်ရပ်အဖွဲ့များ အတွက် လှုပ်လှုပ်ရှားရှားဖြစ်သွားစေနိုင်ပြီး လေကြောင်းရန်ကာကွယ်ရေးအတွက် ပြင်ဆင်မှုများ အရေးတကြီးရဖွယ်ရှိသည်။

