Shan Herald Agency for News (S.H.A.N.)

ဘိန်းစွန့်လွတ်ကြောင်း ကြေငြာထားသော ကိုးကန့်ဒေသတွင် မူးယစ်ဆေးဝါး ဖျက်ဆီးရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းများ

E-mail Print
မြန်မာစစ်တပ်နှင့် ကိုးကန့်ငြိမ်းချမ်းရေးတပ်ဖွဲ့တို့ လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂ လကျော်ကြာ ကာလ အတွင်း မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည့် ကိုးကန့်အဖွဲ့ ဥက္ကဌ ဟောင်း ဦးဖုန်ကျားရှင်းနှင့် ဆွေမျိုးများ ပိုင်သည်ဟု ဆိုသော မူးယစ်ဆေးဝါးများကို နိုဝင်ဘာလ ၁ ရက်နေ့က လောက်ကိုင်တွင် မီးရိူ့ဖျက်ဆီးခဲ့သည့် အပေါ် အကဲခတ်များက ထောက်ပြမှု ပြောဆိုမှုများ ရှိနေသည်။

လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် နှစ်ဘက်တိုက်ပွဲအပြီးတွင် ယခင်ကိုးကန့်အဖွဲ့ ဥက္ကဌ ဦးဖုန်ကျားရှင်း အပါအဝင် ဖုန်ဆွေမျိုးများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး မြန်မာစစ်တပ်မှ ကျောထောက် နောက်ခံပြု ထားသည့် ဦးပိုင်ဆုံချိန် ခေါင်းဆောင်သော ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီအား ပြန်လည်အစားထိုး ဖွဲ့စည်းထားသည်။

ယခုနှစ် ဧပြီလ ၂၈ ရက်နေ့က မြန်မာစစ်ဘက်ရေးရာ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်မှ သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံး နယ်ခြားစောင့် အသွင်ပြောင်းလဲဖွဲ့စည်းရန် အဆိုပြု ထားရာတွင် ကိုးကန့်အဖွဲ့ ဥက္ကဌဟောင်း ဦးဖုန်ကျားရှင်းနှင့် ဆွေမျိုးများက ငြင်းပယ်ထားပြီး ယခု ယာယီဦးစီးကော်မတီ ခေါင်းဆောင် ဦးပယ်စောက်ချိန်မှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအား လက်ခံခဲ့ရာ ကိုးကန့်အဖွဲ့ အတွင်း မတူညီသည့် အချက်များတွင် မူးယစ်ဆေးဝါး သမိုင်းကြောင်း အခြေခံရှိသူခြင်း တူညီနေတောင်မှ နိုင်ငံရေး အရမြန်မာစစ်တပ်နှင့်တစ်လှေတည်းစီး သူများမှာ မူးယစ်ဆေးဝါးနှင့် ကင်းလွတ်ခွင့်ရကြကြောင်း ထောက်ပြကြသည်။

အသစ်ဖွဲ့စည်းထားသော ကိုးကန့်ယာယီဦးစီးကော်မတီ ခေါင်းဆောင် ဦးပိုင်ဆုံချိန်နှင့် ထွက်ပြေး တိမ်းရှောင် နေရသော ဖုန်ညီအကိုများ နှိုင်းယှဉ်ချက်

ဦးပိုင်ဆုံချိန်သည် ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့တွင် ၁၉၈၀ ခုနှစ်မတိုင်မှီ ကာလမှစတင် တာဝန်ထမ်း ဆောင်ခဲ့ရာ ၁၉၈၀ ခုနှစ်တွင် တိုက်ပွဲအတွင်း ရရှိခဲ့သည့် ဒဏ်ရာကို အကြောင်းပြု၍ ရှေ့တန်းစစ်မျက်နှာမှ ကိုးကန့် ဒေသသို့ အနားယူရန် ထွက်ခွာသွားခဲ့သည်။

၁၉၈၁ ခုနှစ်တွင် ဗကပမှ တပ်မ ၆၈ တိုးချဲ့ ဖွဲ့စည်းရာတွင် ၄င်းတပ်မ စစ်ဆင်ရေးဌာနမှူးမှ သူ့အား တပ်မတွင်တာဝန် ထမ်းဆောင်ရန် တွေ့ဆုံ ခေါ်ယူခဲ့သော်လည်း တာဝန်ထမ်းဆောင်ခြင်း မရှိပဲ ကိုးကန့်ဒေသ အတွင်းတွင်စီးပွားရေး လုပ်ကိုင်နေထိုင်ခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ကိုးကန့်ဒေသ ခရိုင်တပ်အား ဖွဲ့စည်းခဲ့ချိန်တွင် ခရိုင်တပ်ဖွဲ့၏ ဒုရင်းမှူးအဖြစ် ဗကပ အာဏာသိမ်းခံရ သည့် ၁၉၈၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်း ပါ၀င်လှုပ်ရှားခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်း သမိုင်းတစ်လျှောက်တွင် ၁၉၈၀ ခုနှစ်မတိုင်မှီကာလများ၌သာတပ်နှင့် အတူနေထိုင်ခဲ့ပြီး ဒဏ်ရာရရှိပြီးနောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ မူးယစ်ဆေးဝါးများအဓိက ထုတ်လုပ်သူအဖြစ် စွပ်စွဲခံထားရသည့် ဖုန်ညီအကိုများက ဦးပိုင်ဆုံချိန် အနားယူနေသည့် ထိုကာလတွင် ထိုစဉ်က ရန်သူဖြစ်ခဲ့သည့် မြန်မာစစ်တပ်အား ရွပ်ရွပ်ချွံချွံ တိုက် ခိုက်ခဲ့ကြသည့် တပ်မှူးကြီးများ ဖြစ်သည်။

ထိုစဉ်က ဖုန်ညီအကိုများ ရောက်လေရာ စစ်မျက်နှာတိုင်းတွင် ရန်သူတော် မြန်မာစစ်တပ်အား တိုက်ပွဲများ ဖေါ်ဆောင်ခဲ့ သဖြင့် မြန်မာစစ်တပ်မှ အထူးသတိထားစောင့်ကြည့်ခဲ့ရပြီး ၁၉၇၈ ခုနှစ် ၁၂လပိုင်းက အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ ဖုန်ညီအကိုများသွားသည့် နေရာတိုင်းတွင် တိုက်ပွဲများဖေါ်ဆောင်ရန် ညွန်ကြားထားခဲ့သည်။

ထို့ကြောင့် တိုက်ပွဲများကာလ တစ်လျှောက်လုံးတွင် ဒုက္ခလှလှကြီး ပေးနိုင်ခဲ့သည့် ဖုန်ညီအကိုများ အပေါ် မြန်မာစစ်တပ်မှ ပြင်းထန်သည့် အမြင်သဘောထားရှိခဲ့သည်။

၂၀၀ဂခုနှစ်အတွင်းက ပေါ်ထွက်လာသည့် လျှို့ဝှက်စာတမ်းတစ်စောင်အရ ဖုန်ညီအကိုများနှင့် ဦးပိုင်ဆုံချိန် တို့ ပြဿနာ ဖြစ်ပွားပါက ဦးပိုင်ဆုံချိန်ဘက်မှ ပြတ်ပြတ်သားသားရပ်တည် ဆောင်ရွက်ရန် ဆိုထားကြောင်း သိရသည်။ ယခုပြဿနာ များမတိုင်မှီကတည်းက ဖုန်ညီအကိုများနှင့် ပိုင်ဆုံချိန်တို့ မူးယစ် ဆေးဝါးကိစ္စနှင့် ပတ်သက်၍ အပြန်အလှန်စွပ်စွဲမှုများ ရှိနေခဲ့သည်။

တပ်သားထုအပေါ်သြဇာညောင်းသူ ဖုန်ညီအကိုများနှင့် စီးပွားရေးသြဇာဖြင့် ရာထူးတက်လာသူ ဦးပိုင်ဆုံချိန်တို့ဘက် နှစ်ဘက်ကြား နှိုင်းယှဉ်ချက်အရ မြန်မာစစ်တပ်မှ ဖုန်ညီအကိုများအပေါ် ယခင်ကာလကတည်းက ရန်လိုသည့်သဘော ထားရှိခဲ့ကြောင်း ထင်ရှားသည်။

ကိုးကန့်ဒေသမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် စစ်အရာရှိများ အဘယ့်ကြောင့် ဂုဏ်ပြုမခံရသနည်း

အချိန်တိုကာလအတွင်း ကိုးကန့်ဒေသ လောက်ကိုင်မှ ဖမ်းဆီးရမိခဲ့သည်ဆိုသည့် မြောက်မြားလှစွာသော မူးယစ် ဆေးဝါး ဖမ်းဆီးသည့် စစ်အရာရှိများ ယနေ့တိုင်ရာထူးတက်ခြင်း ဂုဏ်ပြုခံရခြင်း မရှိခြင်းမှာလည်း မေးခွန်း ထုတ် စရာတစ်ခု ဖြစ်နေပြန်သည်။

လက်ရှိ အခြေအနေတွင် ကိုးကန့်ဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်အရာရှိကြီးများမှာ ဒကစ (လောက်ကိုင်) မှူး ဗိုလ်မှူးချုပ် လှမြင့် တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇော စကခ ၁၆ မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတို့ဖြစ် သည်။

ယခုအချိန်အထိ အဆိုပါ တပ်မှူးကြီးများအပါအဝင် အခြားသော မြန်မာစစ်အရာရှိများ မူးယစ်ဆေးဝါးဖမ်းဆီးရမိသဖြင့် ဂုဏ်ပြုခံရခြင်းမရှိသဖြင့် ထိုဒေသမှရရှိသည် ဆိုသည်မှာ ဖြစ်နိုင်မဖြစ်နိုင်ဟု လေ့လာသူများက သံသယ ဖြစ်နေသည်။


နောက်ထပ် အမြင်သာဆုံးသော ထောက်ပြချက်

သျှမ်းပြည်အတွင်း ၂၀၀၈ ခုနှစ်ထွက်ပေါ်ခဲ့သည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် လျှို့ဝှက် စာတမ်းတစ်စောင် အရ ဆိုလျှင် ဘိန်းနှင့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုသည် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးနယ် မြေများ ထက်စာလျှင် မြန်မာစစ်တပ်ထိန်းချုပ် နယ်မြေအတွင်း၌ အများဆုံးဖြစ်သည်။

အထူးသဖြင့် မြန်မာစစ်တပ်များ အလုံးအရင်းနှင့် ရှိနေသည့် သျှမ်းပြည် (အလယ်ပိုင်း) ဒေသတွင် ဘိန်းအများဆုံး စိုက်ပျိုးကြောင်း စာတမ်းက ဆိုသည်။

နိုင်ငံရေးအရ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး လက်ခံထားသည့် အဖွဲ့အစည်းများ၏ မူးယစ်ဆေးဝါးလုပ်ငန်းများ နှင့် မူးယစ်ဆေး ၀ါးရာဇာကြီးများဟု သမုတ်ခံထားရသည့် တိုင်းရင်းသားခေါင်းဆောင် အချို့ထံမှ ငွေကြေးရယူနေသည့် မြန်မာ စစ်တပ် အရာရှိကြီးများကိုလည်း လက်မနှေးသော အရေးယူ ဆောင်ရွက်မှုများမှာ မတွေ့ရ သလောက််ဖြစ်နေခြင်း က မူးယစ်ဆေးဝါးအား အမှန်တကယ်တိုက်ဖျက်လိုသည့် ဆန္ဒအပေါ်အခြေမခံဟု ယူဆသူများရှိသည်။

ငြိမ်းချမ်းရေးယူခဲ့သည့် နှစ် ၂၀ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အလွယ်တကူဖြိုခွဲနိုင်ရန် တမင် ရည်ရွယ်ကာ စီးပွားရေး လုပ်ငန်းမှန်သမျှ လွပ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားရာမှ ယခုမှ နယ်ခြားစောင့်တပ် ပြောင်းလဲရေး အစီအစဉ်အား ငြင်းဆန်သူများအပေါ် မူးယစ်ဆေးဝါးဖြင့် အချိန်ကိုက် စွပ်စွဲမှု ပြုလုပ်လာခြင်းက နိုင်ငံရေးအရမတူသူများ အား မူးယစ်ဆေးဝါးနှင့် တိုက်ခိုက်ခြင်းဖြစ်သည် ဆိုသည်မှာ မြင်သာထင်သာ အရှိဆုံး ထောက်ပြချက် ဖြစ်လေသည်။
 

VCD news on January 2012

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။