သျှမ်းပြည်လူထုခေါင်းဆောင်များနဲ့စော်ဘွားများ ဦးဆောင် ကမကထပြုမှု အရ သျှမ်းပြည်အလယ်ပိုင်းယခင်လိုင်းခါ့ (လဲချား) နယ် ပင်လုံမှာ ၁၉၄၇ ဖေဖေါ်ဝါရီ ၃ - ၁၂ ၊ ၁၀ ရက်ကြာ ကျင်းပခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံဟာ ဖေဖေါ်ဝါရီ ရ ရက် သျှမ်းပြည်အမျိုးသားနေ့ နဲ့ ဖေဖေါ်ဝါရီ ၁၂ ပင်လုံစာချုပ်နေ့ (၀ါ) ပြည်ထောင်စုနေ့ တွေပေါ်ပေါက်စေခဲ့တဲ့ ကမ္ဘာကျော်သမိုင်းဝင်နေ့ရက်များ ဖြစ်ကြပါတယ်။
၁၉၄၆ မတ်ချ် ၂၆-၂၈ ရက် ပထမပင်လုံညီလာခံကျင်းပစဉ် သျှမ်းစော်ဘွားများကောင်စီ (Shan State Saophas Council) ပြန်လည်ဖွဲ့စည်းခဲ့ တုန်းက စော်ဘွားများရဲ့ကိုယ်စားလှယ်တွေပါ၀င် ဦးဆောင်တက်ရောက်ခဲ့ကြသလို ခွန်ကြာပု၊ ခွန်ဘဉာဏ်၊ ဒေါက်တာ စိုင်းနော်ခမ်း စတဲ့ လူထု ခေါင်းဆောင်တွေလဲ တက်ရောက်ကြပါတယ်။ 
၁၉၄၆ ဂျူလိုင် ၂၁-၂၇ ရက်မှာ သျှမ်းစော်ဘွားများကောင်စီ SSSC ဥက္ကဌ နမ့်ဆန် ပလောင်စော်ဘွား ခွန်ပန်းစိန် ဦးဆောင်ပြီး (၁၉၂၂ အောက်တိုဘာ ၁ ရက်ကဖွဲ့စည်းခဲ့တဲ့၊ လူထုကိုယ်စားလှယ် တွေမပါ၀င်ဘဲအင်္ဂလိပ်ကော်မရှင် နာကိုယ်တိုင် ဥက္ကဌရာထူးယူထား တဲ့) ယခင် ဖက်ဒရယ်ပြည်ထောင်စုသျှမ်းပြည် ( FSSC - Federal Shan State Council) ကို အာခံအံတုဖို့ အစည်းအဝေးတရပ်ကျင်းပခဲ့ကြ ပါတယ်။
အဲဒီအစည်းအဝေးဆုံးဖြတ်ချက်အရ သျှမ်းပြည်လူထု ကိုယ်စားလှယ်တွေနဲ့ စော်ဘွားကိုယ်စားလှယ်တွေအတူ တကွပါ၀င်မဲ့ သျှမ်းပြည် ကောင်စီ (SSC) ဖွဲ့စည်းခဲ့ရင် အဲဒီကောင်စီအသစ်ကို လက်ခံအသိအမှတ်ပြုပြီးအာဏာအပ် နှင်းဖို့၊ လက်ရှိ (FSSC) အဟောင်းကို ဖျက် သိမ်းပေးဖို့- ဗမာပြည်ဘုရင်ခံ Governor ထံ ၃၊၂၊၁၉၄၇ နေ့ မှာ ကြေးနန်းစာ ပို့လိုက်ပါတယ်။
၇၊၂၊၁၉၄၇ မှာ အင်္ဂလိပ်ဘုရင်ခံက " FSCC ဥက္ကဌ အင်္ဂလိပ် ကော်မရှင်နာမင်းကြီးသဘာပတိလုပ်တဲ့ နှစ်လည်ကောင်စီ ညီလာခံ ဆုံးဖြတ် ချက်ကလွှဲလို့ ဘယ်ဆုံးဖြတ်ချက်မှ အဓိပ္ပါယ်မရှိကြောင်း၊ အဲဒီ တောင်းဆိုချက်တွေကို စွန့်လွတ် ရုပ်သိမ်းရမှာဖြစ်ကြောင်း” ကြေးနန်းစာ အကြောင်းပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အင်္ဂလိပ်ဘုရင်ခံရဲ့ ညွှန်ကြားချက်ကို စော်ဘွားတွေ နဲ့ သျှမ်းပြည်လူထုခေါင်းဆောင်တွေလက်ခံနာယူခြင်း မရှိကြပါဘူး။ စော်ဘွား ကိုယ်စားလှယ် ရ ဦး နဲ့ လူထုခေါင်းဆောင် ရ ဦး စီပါ၀င်တဲ့ သျှမ်းပြည်ကောင်စီအသစ် ဖွဲ့စည်းတည်ထောင်လိုက်ကြပါတယ်။ ကောင်စီ ဥက္ကဌ စဝ်ခွန်ပန်းစိန်ကဘဲ မူလဘူတရှေ့ပြေးပင်လုံစိတ်ဓါတ်အဖြစ် အောက်ပါ ဦးတည်ချက် ၃ ရပ်ကို လူထုအကြား ရှင်းလင်းချပြခဲ့ပါ တယ်။
(၁) အင်္ဂလိပ်အရာရှိတွေမပါ၀င်တဲ့ သီးခြားသျှမ်းပြည်ကောင်စီထူထောင်ရေး
(၂) သျှမ်းပြည်လူထုကိုယ်စားလှယ်များကိုယ်တိုင် ကောင်စီထဲပါ၀င်ရေး
(၃) သျှမ်းပြည်လွတ်မြောက်ရေး
အဲဒါနဲ့ပတ်သက်တဲ့ ကြေငြာချက်ကို ရန်ကုန်အသံလွှင့်ရုံဆီပေးပို့လိုက်ပြီး အဲဒီ ရ၊၂၊၁၉၄၇ ညနေမှာ အသံလွှင့်တော့ တပြည်လုံး ဗွက်လောရိုက်သွားတယ်။
ပင်လုံသဘောတူညီချက် လက်မှတ်ထိုးပြီး ၃ ရက်အကြာ ၁၅၊၂၊၁၉၄၇ နေ့မှာ မူလ သျှမ်းပြည်စော်ဘွားများကောင်စီ (SSSC) ကနေ သျှမ်းပြည်ကောင်စီ (SSC) အဖြစ်တရားဝင်ပြောင်းလဲသတ်မှတ်လိုက်တယ်။
ပင်လုံစာချုပ်လက်မှတ်မထိုးခင် တစ်ရက်အလို ၁၁၊၂၊၁၉၄၇ နေ့မှာ (SSC) ဥက္ကဌ စဝ်ခွန်ပန်းစိန်က သျှမ်းပြည်လူမျိုးပေါင်းစုံနဲ့ ပတ်သက် အကြံးဝင်တဲ့ အောက်ပါဆုံးဖြတ်ချက် ၃ ရပ်ဖြစ်တဲ့-
(၁) ဖေဖေါ်ဝါရီ ရ ရက်ကို အမျိုးသားနေ့အဖြစ်-
(၂) ၀ါစိမ်းနီနဲ့ အဖြူရောင်လဝန်းအလံကို သျှမ်းပြည်အလံတော် အဖြစ်-
(၃) ခေးတိုင်းခေးရာဇာသီချင်းကို ယာယီအမျိုးသားသီချင်း အဖြစ် - သတ်မှတ်ကြောင်းထုတ်ပြန်ကြေငြာလိုက်တယ်။
လွန်ခဲ့တဲ့ ၆၂ နှစ်ကစပြီး ဖေဖေါ်ဝါရီ ရ ရက်နေ့ကို သျှမ်းအမျိုးသားနေ့လို့ အစွဲပြုခေါ်ဝေါ်ခဲ့ပေမဲ့ အဲဒီခေတ်ကာလ သမယ အခြေအနေ အရ အနှစ်သာရနဲ့ ဦးတည်ချက်ကတော့ လူမျိုးပေါင်းစုံ သျှမ်းပြည်သူတရပ်လုံးကို ကိုယ်စားပြုဖို့ ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။
၁၉၆၂ ဗိုလ်နေဝင်းဦးဆောင်တဲ့ ဗမာစစ်တပ် အာဏာသိမ်း ပြီးနောက်ပိုင်း အင်္ဂလိပ်တို့ထက် ခွဲခြမ်းစိတ်ဖြာအုပ်ချုပ်မှု ပိုကျင့်သုံးလာလို့ သျှမ်းပြည်လူမျိုးစုများအကြား သပ်လျှိုသွေးထိုး ဖဲ့ထုတ်စည်းရုံး မှုတွေတိုးပွါးလာတယ်။ အဲဒါကြောင့် သျှမ်းလူမျိုးစုတွေလောက်ဘဲအမျိုး သား နေ့ကျင်းပပြီး တခြား သျှမ်းပြည်လူမျိုးစုတွေပါ၀င်တာ သိပ်မတွေ့ရတာ ယနေ့တိုင် ဖြစ်ပါတယ်။
နောက်ထပ်ချို့ယွင်းအားနည်းချက်တခုကတော့ နောက်ခံသမိုင်းဖြစ်ရပ်ကိုမလေ့လာတဲ့သျှမ်းတွေ အဲဒီအမျိုးသားနေ့ နဲ့ ၀ါ၊ စိမ်း၊ နီ အ လယ်လဝန်း ရှိတဲ့ ရှည်းပြည်သူသားကိုယ်စားပြုအလံဟာ မိမိတို့သျှမ်းနဲ့ဘဲသက်ဆိုင်တယ်လို့ယူဆပြီး သျှမ်းနေ့/သျှမ်းအလံအဖြစ် ထင်မှတ်လာကြတယ်။
ဥပမာ - လူမျိုးအလိုက် ယုံကြည်ရာ ဓလေ့ထုံးတမ်းဖြစ်တဲ့ သျှမ်းနှစ်သစ်ကူးပွဲပါမကျန် (လူမျိုးအားလုံးနဲ့သက်ဆိုင်တဲ့) သျှမ်းပြည်အလံ ကို လွှင့်ထူချိတ်ဆွဲတွဲကပ် အသုံးချတာတွေ အပါအဝင်ဖြစ်တယ်။ သျှမ်းမဟုတ်တဲ့တခြားသျှမ်းပြည် လူမျိုးစုတွေကလည်း အဲဒီအမျိုး သားနေ့နဲ့အလံဟာ မိမိတို့နဲ့ဘာမှမပတ်သက်သလိုနေလာကြတော့အာဏာရှင် ဗမာစစ်အုပ်စု အကွက်ထဲဝင်ပြီးသားဖြစ်သွားတယ်။
သမိုင်းအစစ်အမှန်လှစ်လှန်လိုက်ရင် သျှမ်းပြည်အမျိုးသားနေ့ ဖြစ်တဲ့ ရ၊၂၊၄၇ မရှိရင်ပြည်ထောင်စုနေ့လို့အများ သိကြတဲ့ ၁၂၊၂၊၁၉၄၇ ပင်လုံစာချုပ်နေ့ လဲရှိမှာမဟုတ်သလို ၄၊၁၊၄၈ လွတ်လပ်ရေးနေ့လဲ ရှိမှာမဟုတ်ပါဘူး။ ပင်လုံညီလာခံသာ မဖြစ်ခဲ့ဘူးဆိုရင် ပြည်ထောင်စု အမည်ခံ ကနေ့တိုင်းပြည်ရဲ့အနေအထားလဲတမျိုးတဖုံပြောင်း လဲခဲ့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဖြစ်တယ် - လို့ သျှမ်းပြည်အရေး လေ့လာသူများက သုံးသပ်ပါတယ်။

