၁၉၈၈ ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံတဝှမ်းလုံးရှိ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ပါ၀င်သော ပြည်သူလူထု ကြီးတရပ်လုံးဟာ မကြံုစဘူး ထူးကဲလှစွာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်စုစည်း ညီညွတ်စွာဖြင့် အုံကြွခဲ့ကြပြီး မဆလ တပါတီအာဏာရှင် စနစ်ကို ဖြိုချဖျက်သိမ်း၍ ဒီမိုကရေစီရရှိရေး တောင်းဆို တိုက်ပွဲဝင်မှုကြီးတရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ အသက်သွေးချွေးပေါင်း မြောက်မြားစွာ သွန်းလောင်းရင်းနှီးပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီကနေ စပြီးတော့ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ကျယ်ပြန့်ကြီးမားလှတဲ့ ဆန္ဒမွန်တွေကို အကောင်အထည်ဖော်ပေးဖို့၊ သမိုင်းရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ ယခုလက်ရှိ တပ်ဦးအလံကိုင် ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပေါ်ထွန်းဖြစ်တည်လာရတာ ဖြစ်ပါတယ်။ ဒီတပ်ဦး အလံကိုင်ပါတီကြီးကို မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး ဗိဿုကာကြီးလည်းဖြစ်၊ တပ်မတော်ရဲ့ဖခင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူအဖြစ် တာဝန် ယူဆောင်ရွက်ခဲ့ပါတယ်။ ဆယ်စုနှစ် (၂) စု ကျော်ခဲ့ပါပြီ။ ဒီအနှစ် (၂၀)ကျော်အတွင်းမှာ (၁၅)နှစ်ကျော် အိမ်ချုပ်နဲ့ထိန်းသိမ်း ချုပ်နှောင်ထားခြင်း ခံနေ ခဲ့ရတာပါ။
အခုချိန်ထိလည်းပဲ နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်အဖြစ် ဆက်လက်ချုပ်နှောင် ဖမ်းဆီး ထားဆဲ ဖြစ်ပါတယ်။ လွတ်ရက်စေ့ပြီဖြစ်ပေမဲ့လို့ တရားဥပဒေကို အလွဲသုံးစားပြုကာအပြစ် မရှိ အပြစ်ရှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ အင်းစိန် ထောင်တွင်းတရားရုံးမှာ စစ်ဆေးကြားနာပြီးတဲ့နောက် တရားသူကြီးက (၃) နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီအချိန်တိုလေးအတွင်းမှာ ပဲ အထူးအမိန့်စာ စာရွက်တရွက် ရောက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီက ကမန်းကတန်း ပို့လွှတ်လာတာဖြစ်ပြီး ပြစ်ဒဏ်ကို (၁) နှစ်ခွဲ အဖြစ် လျှော့ချပြောင်းလဲလိုက်ပါတယ်။
သူ့ရဲ့အဆိုအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာကတကြောင်း၊ လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ တကြောင်း ပြစ်ဒဏ်ကို ပြောင်းလဲလျှော့ပေါ့လိုက်တာလို့ ပြောပါတယ်။ နောက်ပြီး ကောင်းမွန်စွာ နေထိုင်သွားရင် ပြစ်ဒဏ်ကနေ အပြီးလွှတ်ပေးဦး မယ်လို့ ဆိုပြန်ပါတယ်။ တရားဥပဒေချိုးဖောက်လို့သာ အပြစ်ပေးအရေး ယူရတာဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်အရသာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကပဲ အမှန်တကယ် ပြစ်မှုကျူးလွန်ထားတဲ့ သူလိုမျိုး ပြောကြားနေတာ ဖြစ်ပါတယ်။ မူလအဖြစ်မှန် အကြောင်းရင်းကိုတော့ တတိုင်းတပြည်လုံးက ကောင်းကောင်း သိထားကြပါတယ်။ ဒီလိုမျိုး ပြောဆိုပြုမူမှုတွေဟာ ပြည်သူလူထုကြီးအဖို့ မထူးဆန်းတော့တဲ့ကိစ္စ လုပ်နေ ကျဖြစ်လို့ ရိုးအီနေပါပြီ။ ကွယ်ရာမှာတော့ ဗိုလ်ချုပ်မှူးကြီးကို ကောင်းကောင်း မေတ္တာပို့နေမှာပါ။ အာဏာရူး မိစ္ဆာဒိဌိကြီးလို့။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ တရားဥပဒေအရ တရားသူကြီးရဲ့ စီရင်ချက် အမိန့်ချမှတ်မှုကို စစ်အာဏာစက်နဲ့ ၀င်ရောက် စွက်ဖက် ချယ်လှယ်လိုက်တာ ဟာ တရားရေးမဏ္ဍိုင် ဘယ်လောက်တိမ်းစောင်းနေပြီဆိုတာကို အထင်အရှား ဘွားဘွားကြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့ စစ်အုပ်စု ပြောပြောနေတဲ့ တရားဥပဒေစိုးမိုးရေး မရှိဘူးဆိုတာကို လက်တွေ့ပြလိုက်တာလည်း ဖြစ်ပါတယ်။ တရားဥပဒေရဲ့အပေါ်မှာ စစ်အုပ်စုရှိ တယ် ဆိုတဲ့အချက်ဟာ ဘယ်လိုမှငြင်းလို့ ဖုံးကွယ်လို့မရဘူး ဖြစ်သွားပါတယ််။
ဒီလိုဆိုရင် ဗိုလ်ချုပ်ကြီးရွှေမန်းပြောကြားခဲ့တဲ့ “ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေစေရဘူး ”ဆိုတဲ့စကားနဲ့ ပြောင်းပြန် စောက်ထိုး ဖြစ်နေ တော့မှာပေါ့။ သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတာပဲ မဟုတ်ပါလား။ဒီလိုမျိုး အဖြစ်အပျက် တခြားကိစ္စတွေ အများကြီး ရှိပါသေးတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်၊ လုပ်နိုင်တယ်။ ဘယ်သူ့ကိုမှ ဂရုစိုက် စရာမလိုဘူး ဆိုတဲ့အချိုးနဲ့ မြန်မာပြည်သူလူထုကြီးကို စော်ကားမော်ကား လုပ် နေတယ်ဆိုတာရှင်းနေတော့ တာပါပဲ။ ဒီလိုမျိုး ပြည်သူတရပ်လုံးအပေါ် တရားလက်မဲ့ တဆွေတမျိုးလုံး ဆက်လက် စော်ကားမိုက်ရိုင်း ပြုမူကျင့်ကြံနိုင်ဖို့ ရာ တပ်ချုပ်ကြီးက ဒီ၂၀၁၀ဆိုတဲ့ဟာကြီးကို အဖြစ်နိုင်ဆုံး အမြန်အပြီးသတ် ကျင်းပချင်နေတာပါ။နိုင်ငံတကာအသိုင်း အဝန်းကိုတော့ ပြီးရောပေါ့။
ဒီလိုပြစ်ဒဏ်ကို (၁၈)လအဖြစ် လျှော့ချပေးလိုက်တာကို တချို့သော ကမ္ဘာ့နိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေအတွက်တော့ အပြုသဘောဆောင်တဲ့ လုပ်ရပ်မျိုး အကောင်းမြင်တဲ့သဘောမျိုး ဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း ဗိုလ်ချုပ်မှူးကြီးက ကောင်းကောင်းသိထား နားလည်ထားတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အချိန်ဆွဲလို့ ရသွားနိုင်တာပေါ့။စောင့်ကြည့် ကြသေးတာပေါ့။ အချိန်စောပါသေးတယ်။ အရင်စလို လုပ်လို့မဖြစ်ဘူး စသဖြင့်ပေါ့။
ဒီလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားတာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မပါ၀င်စေလိုလို့လည်း သုံးသပ်ယူဆနိုင်ပါတယ်။ အကြောင်းကတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီးစီးမဲ့အချိန်ပိုင်း လောက်ဆို် ပြစ်ဒဏ်ချမှတ်ထားတဲ့ကာလလည်း ကုန်ဆုံးပြီမို့လို့ ဖြစ်ပါတယ်။ နောက်တခု က ရွေးကောက်ပွဲကျင်းပရေး ဥပဒေလည်း အခုချိန်ထိ တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးလို့ ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုး ပြောဆိုသံတွေတော့ ကြားနေရပါတယ်။ အတည်ပြုဖို့ ခက်ခဲပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် စစ်ကောင်စီအနေနဲ့ကတော့ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း မဖြစ်မနေ ဆက်လုပ်သွားမယ်လို့ မကြာသေးခင် ကမှ ပြုလုပ်သွားတဲ့ စစ်မှုထမ်းဟောင်းညီလာခံ အပိတ်မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခိုင်အမာထပ်မံပြောကြား သွားပါတယ်။ သူတို့ဘက်ကတော့ စီစဉ်ရေးဆွဲ ထားတဲ့အတိုင်း စီမံချက်ရှိရှိ မက်ခီယာဗယ်လီရဲ့ ရှေးနည်းဟောင်းအတိုင်း သွားလိမ့်မှာသာ ဖြစ်ပါတယ်။
အဲ ဒီနေရာမှာ အလေးအနက် စဉ်းစားဖို့လိုအပ်လာပါတယ်။ ကျနော်တို့ဘက်ကကော ဒီပွဲအတွက် ဘာတွေပြင်ဆင်ထားပါ သလဲ။ ပြင်ဆင်ဖို့ စီမံချက် ကော ရေးဆွဲထားနိုင်ပါပြီလား။ လူထုအနေအထားကကော ဘယ်အခြေအနေမှာ ရှိနေပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတဲ့ အထိ ဒီအတိုင်း ငုတ်တုတ်ကြီး ထိုင်စောင့်နေဦးမှာလား။ ဒီအတိုင်းမလှုပ်မ ရှက်နဲ့ လွှတ်ပေးနိုးကို ကျိတ်မျှော်နေမှာလား။
ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးရင်ပဲ တခြားခေါင်းဆောင်တွေ၊ အဆင့်ဆင့်သော ရဲဘော်တွေအနေနဲ့ဘာမှလုပ်ဆောင် ဖို့ မကြိုးစားတော့ဘဲ ပြုသမျှ နုရတော့မဲ့အခြေအနေမို့ လည်စင်းပေးဖို့ပဲ ပြင်ထားကြဖို့ ညွှန်ကြားချက်များရှိထားလေ ရော့သလား။ ဦးဆောင်နိုင်မှု အရည်အချင်း မရှိကြ တော့ဘူးလား။ ဦးမဆောင်နိုင်ဘူးလို့ ကိုယ့်ကိုကိုယ်ယုံကြည် မှုမရှိ ရင်လည်း ဦးဆောင်ဝံ့တဲ့၊ ခေါင်းဆောင်ရဲတဲ့သူတွေကို တာဝန်အရ အဆင့်လိုက် လုပ်ဆောင်ခွင့် ကိုသတ်မှတ် ပြီးလူထုနဲဲ့ တသားတည်းကျတဲ့သူတွေကို ရှေ့ကတက်ဦးဆောင်ခိုင်းပြီး ကိုယ်က နောက်ကနေအကြံပေးနောက် လိုက် လုပ်ရင်ကော မရဘူးလား။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “ အားလုံးအတွက် အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံး ကိုလည်း ပြင်ဆင်ထား ကြဖို့ ” ဆိုတဲ့ သတင်းစကားပါးထားတယ် မဟုတ်ပါလား။
အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အဓိက ဖြေဆိုရမဲ့ အဖြေရှင်အဖြစ် အချိန်ကျရောက်လာနေပါပြီ။ ခေါင်းခါရှောင်လွှဲသွားလို့ မရနိုင်တော့တဲ့ အခြေအနေပါ။ တပ်ဦးအလံကိုင်ပါတီကြီးဆိုတော့ အရံသင့် ပြင်ပြင်ဆင်ဆင် လုပ်ထားပြီးဖြစ်မယ်လို့ ယုံကြည်ယူဆထားပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှန်သမျှကို အဆင်သင့်ပြင်ဆင်ဆောင်ရွက် ထားပြီးသားပါ၊ အချိန်ကျလာရင် ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာပါ လို့ ဒီချုပ် ပြောရေးဆိုခွင့်ရှိသူပြန်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း လေလှိုင်းမေးမြန်းချက်မှာ ပြောဆိုထားဘူးပါတယ်။
ဒီလိုသာဆိုရင်တော့ အထူးကျေးဇူးတင်ရမှာပါ။ ဘာကြောင့်ဆို အန်န်အယ်လ်ဒီဟာ မြန်မာပြည်တဝှမ်းလုံးမှာရှိတဲ့လူမျိုးစုံ ပြည်သူလူထုတရပ်လုံးက ၁၉၉၀ခုနှစ် မေလ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အနိုင်ရပါတီဖြစ်နေလို့ပါပဲ။ မဲပေးနိုင်ခွင့်ရှိသူ ဦးရေ သန်း(၂၀)မှာ (၁၅)သန်းက အတည်ပြုရွေးကောက် တင်မြှောက်ထားတာပါ။ တပ်မတော်သားများပါ မဲဆန္ဒပြု မဲထည့်ရွေးကောက်ထားတဲ့ပါတီ ဖြစ်နေလို့ပါ။ တပ်မတော်သား များကိုလည်း ကိုယ်စားပြုပါတယ်။ (၈၂) ရာခိုင်နှုန်း နဲ့ကို ပြတ်ပြတ်သားသား အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို ကိုယ်စားပြုထင်ဟပ် ဖော်ပြထားချက်လို့ ပြောနိုင်ပါတယ်။ ပြည်သူလူထု ရဲ့ဆန္ဒ သဘောထားကို လိုက်နာဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ ပြည်သူလူထု တရပ်လုံးရဲ့ ဘဝလွတ်မြောက်ရေးအတွက် ရှေ့ကနေ မားမား မတ်မတ် ရပ်တည်ပေးရမဲ့ တာဝန်ဝတ္တရားကလည်းကျန်ရှိ နေပါတယ်။ လတ်တလော နိုင်ငံရေးအနေအထားကလည်း ဒီအတိုင်းပဲ တောင်းဆိုနေ တယ်လို့ယုံကြည်ယူဆ မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောဆိုခဲ့တဲ့စကား ဖြစ်ပါတယ်၊ အဲဒါက ဘာလဲဆိုလို့ရှိရင် “ တိုင်းပြည်နဲ့လူမျိုးအတွက် ကျမတို့ပါတီကို ဖျက်သိမ်း ဖို့ လိုအပ်လာမယ်ဆိုလို့ရှိရင် ဖျက်သိမ်းပစ်ဖို့ အဆင်သင့်ပါပဲ ”ဆိုတာ ဖြစ်ပါတယ်။
လူထုတရပ်လုံးရှေ့ကနေသာ မားမားမတ်မတ် ရပ်တည်ဦးဆောင်သွားမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတရပ်လုံးကအူလှိုက် သည်းလှိုက် ၀မ်းပမ်းတသာ ၀ိုင်းဝန်းကြိုဆိုထောက်ခံကြမှာ မလွဲဧကန်ပါပဲ။ အားကိုးယုံကြည်မှုတွေ၊ လေးစားတန်ဘိုး ထားမှုတွေနဲ့အတူ လုပ်လက်စအလုပ်တွေကို ဖုတ်ဖက်ခါ ပစ်ချထားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နောက်ကနေ စည်းကမ်းတကျ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ မလွဲမသွေ လိုက်ပါလိမ့်မယ်ဆိုတာ အခိုင်အမာ ကျနော်ပြောရဲပါတယ်။ အလေးအနက်ကို ယုံကြည်မိပါတယ်။ သမိုင်းကိုရေးသားခဲ့သူတွေဟာ တကယ်တော့ အံ့မခန်းစွမ်းအားပိုင်ရှင်ပြည်သူ လူထုကြီးသာ ဖြစ်ပါတယ်။ ဘယ်ခေတ်စနစ် ရာဇဝင်မှာမဆို သမိုင်းဖန်တီးရှင်ဟာ ပြည်သူလူထုတွေသာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ရှေးခေတ်စာဆိုတော် လက်ဝဲသုန္ဒရ အမတ်ကြီးက.....“ စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊စွဲကိုင် လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျံုးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင်၊ ဓါးသွားလည်းကြွေ လှံလည်းခွေအံ့ ”လို့ ပြည်သူ့စွမ်းပကား ပြည်သူ့အင်အား အကြောင်းကို စပ်ဆိုဖွဲ့သီခဲ့တာ မဟုတ်ပါလား။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကသာ ဒီကနေ့ရဲ့ လူထုလိုလားတောင်းဆိုချက်ကို ပကတိအခြေအနေနဲ့ ကိုက်ညီမဲ့ ယုတ္တိကျတဲ့ လက်တွေ့လုပ်ငန်းစဉ်နဲ့အတူ ရဲဝံ့စွန့်စား အနစ်နာခံ အသက်ပေးဆက်ဖို့ကို ပိုင်းဖြတ်ချက်အပြည့်နဲ့ ဆုံးဖြတ်ချက်ချ ဦးဆောင်ချီတက်သွားဖို့ကိုသာ အဓိကဇောင်းပေး လုပ်ဆောင်သွားပြီး အချိန်အခါရောက်ရင်နှောင့်နှေး မတွန့်ဆုတ်ဘဲဲ ရဲသွေးနီကြောင်းကို သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူမော်ကွန်း ထိုးပြမှသာ တဖက်သတ်ရေးဆွဲ အဓမ္မ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုအာဏာဖီဆန်ရေး လူထုတိုက်ပွဲနဲ့ ဖယ်ရှားဖျက် သိမ်းပစ်ရင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းကို ခေါ်ဆောင်သွားရ/ နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

