Shan Herald Agency for News (S.H.A.N.)

နှစ်လုံးသုံးလုံး လောင်းကစားနှင့် ဆင်းရဲသားများ၏ ချွှေးနဲစာ

E-mail Print

“နှစ်လုံး သုံးလုံး ” ဆိုသည်မှာသာမန် သချာင်္ဂဏန်း အရည်အတွက်ကို ဆိုလိုခြင်း မဟုတ်။ ဂဏန်း နှစ်လုံး သုံးလုံး တိုက်ကို အလျော်အစားပြုသည့် လောင်းကစားများကို လျှို့ဝှက် ကုဒ်အဖြစ် ခေါ်ခြင်းသာဖြစ်သည်။

သာမန်ပြည်သူများထံမှ အဆိုပါ ဝေါဟာရ ဆင်းသက်ခဲ့ကြသည်ဟုတော့ မထင်မိပါ။ စကားလုံးများ သည် တစ်စုံတစ်ခု ထူးခြားမှုကို ပြနေသလိုပင်။

ဗမာပြည်တွင် လောင်းကစားလောကတွင်း မည်သူများ ပါဝင်ပတ်သက်နေသည် ဆိုသည်ကို အဆိုပါစကားလုံးများက ရည်ညွန်းနေပုံရသည်။

နှစ်လုံးဆိုသည်မှာ ထိုင်းနိုင်ငံ စတော့ ရှယ်ယာစျေးကွက်တွင် တစ်ရက်နှစ်ကြိမ်ထွက်သည့် ကိန်းဂဏန်းများအနက် နောက်ဆုံး နှစ်လုံးကို ယူ၍ ကိုရွှေဗမာများ အလောင်းအစားပြုလုပ်ခြင်းဖြစ်ပြီး ဂဏန်းနှစ်လုံးစလုံးတူညီပါက ထိုးသည့် ငွေပမာဏ၏ အဆ (၈ဝ) ခန့်ကို ထိုးသားက ရရှိပါသည်။

သုံးလုံးဆိုသည်မှာ ထိုင်းနိုင်ငံမှ ဖွင့်လှစ်ထားသည့် ထီပေါက်စဉ်၏ နောက််ဆုံး (၃)လုံးကို ယူ၍ အလောင်းအစားပြုလုပ်ခြင်း ဖြစ်ကာ သုံးလုံးစလုံးတူညီပါက ထိုးသည့်ငွေ၏ အဆ (၅၅ဝ) မှ (၆ဝဝ) အထိကို ဒိုင်လုပ်သူက အလျှော်ပေး ရလေသည်၊ အဆိုပါထီက တစ်လလျှင်နှစ်ကြိမ်ထွက်သည်။

စီးပွားရေးချွတ်ခြံုကျနေကာ ကုန်းကောက်စရာမရှိဖြစ်နေသည့် ဗမာပြည်သူများက နှစ်လုံးနှင့် သုံးလုံးလောင်း ကစားကို ဆင်းရဲတွင်းမှ လွတ်မြောက်လမ်းအဖြစ် ယုံကြည်ကြ၍ ထိုးသူများရှိသလို တချို့ကတော့ စားဝတ်နေရေး ပြေလည် စေရန် စီးပွားရေး လုပ်ငန်းတစ်ခုကဲ့သို့ နေ့စဉ်ထိုးနေသူများလည်း ရှိသည်။

ထိုသို့ ထိုးကြသည့် အထဲတွင် သာမန်ပြည်သူများသာမက စစ်တပ်၊ ရဲ ၊ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံမှ ၀ါသနာရှင်များ ပုဂ္ဂိုလ်များကိုယ်တိုင်က ထိုးကြသလို ပေါက်ဂဏန်းထိအောင် တွက်နည်းပေါင်းစုံဖြင့် တွက်ချက်တတ်ကြပြန်သည်။

အလောင်းအစားမှန်လျှင် ဒိုင်ကတော့ အသာစီးကနေသည်၊ နှစ်လုံးတွင် ထိုးသား အဆ (၁ဝဝ) လျှင် ဖြစ်နိုင်ချေ (၁ဝ)ရာခိုင်နှုန်းမျှသာရှိသည်။ သုံးလုံးဆိုလျှင်တော့ အဆ (၁ဝဝဝ) လျှင် ဖြစ်နိုင်ချေ အနည်းငယ်သာရှိသည်။

အလောင်းအစားလုပ်သူများသည် တစ်ရက်ပေါက်နိုးပေါက်နိုးဖြင့် ရှုံးမဲမဲကာ နောက်ဆုံးတော့ စီးပွားပျက်သွား သူများ မြောက်မြားစွာကို ကိုယ်တိုင်တွေ့မြင်ဘူးသည်။

လွန်ခဲ့သည့် (၃) ရက်ခန့်က အရောင်းအဝယ်လုပ်နေသည့် မိတ်ဆွေတစ်ယောက်နှင့် တွေ့ဖြစ်သည်။ သူတို့အရပ် ဒေသ က ဒေသခံများ နှစ်လုံး သုံးလုံး လောင်းကစားကြောင့် ဒုက္ခရောက်ကြရပုံ အာဏာပိုင်များက လောင်းကစား ဒိုင်ထံမှ လာဘ်ငွေယူ၍ ခွင့်ပြုထားပုံများကို စိတ်မကောင်းစွာဖြင့် ဆောင်းပါးရှင်အား ပြောပြသွားသည်။

လောင်းကစားကြောင့် ရပ်ကွက်သူ/သားများ ဒုက္ခရောက်နေပုံကို ၎င်း၏ အစပိုင်းရင်ဖွင့်သံက ဒီလိုပါ။

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ပေါက်ကုန်းအုပ်စု ကုက္ကိုလ်တောရပ်ကွက်မှာ နှစ်လုံးနှင့် သုံးလုံး လက်ကြီးလောင်း ကစားဒိုင်ကြောင့် ဒေသခံ တို့ ဒုက္ခများနေကြတယ်စသဖြင့်ဖြစ်သည်။

သူတို့ လောင်းကစားကြောင့် လူမှုရေးဒုက္ခများ ခံစားနေရပုံကိုတော့ အခုလို အသေးစိတ် ဆက်ပြောသည်။

“ရပ်ကွက်ထဲမှာ မိသားစုတွေ ဘယ်လိုဖြစ်နေသလဲဆိုတော့ ကလေးတွေကိုယ်တိုင် နှစ်လုံး သုံးလုံး ရွေးနေကြတယ်၊ လူတွေက အဆင်မပြေကြတာလေ၊ မိသားစုတွေရန်ဖြစ်ကြတယ်ဆိုလဲ နှစ်လုံးထိုးလို့၊ ဆိုင်ပြုတ်သွား တယ်ဆိုလည်း နှစ်လုံးထိုးလို့၊ ရပ်ကွက်ထဲမှာ ဆင်းရဲဒုက္ခရောက်နေတာ၊ ဒီနှစ်လုံး သုံးလုံးက ဒုက္ခပေးနေတာ ”

စီးပွားရေးအဆင်မပြေရာမှ ထွက်ပေါက်အဖြစ် လောင်းကစားလုပ်မိသဖြင့် အကြွေးသံသရာမှ ရုန်းမထွက်နိုင်ပုံ၊အရောင်း သမားနှင့်ထိုးသား ငွေရေးကြေးရေးကိစ္စကြောင့် တုတ်တပျက် ဓါးတပျက် ရိုက်ပုတ် ဖြေရှင်းရပုံများကိုလည်း သူကြံု တွေ့ရသမျှကို ထပ်ပြောသည် ၊၊

“ဒီရပ်ကွက်ထဲမှာ လောင်းကစားကြောင့် လွန်ခဲ့တဲ့လက ပြဿနာတစ်ခုဖြစ်သေးတယ်။ ဒိုင်က တစ်လ (၃) သောင်း နဲ့ ကုက္ကိုလ်တောရပ်ကွက်ထဲက အောင်မင်း ဆိုတဲ့စာရေးတစ်ယောက်ငှားထားတယ်၊ သူ့ညီမကလဲ နှစ်လုံး သုံးလုံးပဲ ရောင်းတယ်၊ သူ့တို့ အဖေက ဦးမောင်မောင်တဲ့ ”


“သူ့ညီမကရောင်းတာ၊ ရောင်းပေးတဲ့မိန်းမက ပိုက်ဆံမပေးနိုင်လို့၊ နေ့စဉ် နေ့စဉ်ဆိုတော့ အကြွေးကထပ်ထပ်တက် သွားတာ အကြွေးရစရာ (၈) သောင်းဖြစ်သွားတာပေါ့။ အတိုးနဲ့ဆို (၉) သောင်းလောက် တက် သွားတာပေါ့။ ဟိုကလည်း မပေးတဲ့ အခါကျတော့ သူ့အဖေဦးမောင်မောင် ကိုယ်တိုင် ပိုက်ဆံမပေးရကောင်း လားဆိုပြီး ဂေါ်ပြားကြီးကိုင်ပြီး လိုက်တောင်းတာ ရန်ဖြစ်ပြီးရိုက်ကြသေးတယ်လေ ” ဟု သူက ပြောသည်။

ဒီကိစ္စများကို ရယက (ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့) ကိုပဲတိုင်တိုင် (ရဲ) စခန်းမှူးကိုပဲတိုင်တိုင် ဒိုင်များက ငွေပေး၍ နှုတ်ပိတ်ထားသဖြင့် အကျိုးမရှိဖြစ်ရသည့် သူ့အတွေ့အကြံုကို လည်းရှင်းပြသည်။

အရောင်းကိုယ်စားလှယ်နှင့် ထိုးသားတို့ အကြွေးမပေးသည့် ကိစ္စနှင့်ပတ်သက်၍ ထွေးလုံးရိုက်နှက်ကြသည့် အမှု အခင်းကိစ္စ ရပ်ကွက်အဏာပိုင်များထံ ရောက်ရှိသွားသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိခဲ့ဟုဆိုသည်။

ထင်ထင်ပေါ်ပေါ်ရောင်းချနေသည့် နှစ်လုံးနှင့် သုံးလုံးဒိုင်ကို ရဲများက ခြေရာခံမဖမ်းဆီးနိုင် - သည့်အချက် ဆိုအပေါ် သူ့အနေဖြင့် အံ့သြပုံမပေါ်ပါ။

“ဗန်းမော်မှာ နှစ်လုံး သုံးလုံးမှာ ဘုန်းကြီးဒိုင်ဆိုတာ နံမယ်ကြီးတယ်၊ ဘုန်းကြီးလူထွက်က ဖွင့်ထားလို့ဘုန်းကြီး ဒိုင်လို့ ခေါ်တာ။ သူ့မိန်းမနံမယ်က မစံပယ်တဲ့၊ ဥက္ကဌနံမယ်က သက်ဝင်းတဲ့၊ ပေါက်ကုန်းရပ်ကွက်ထဲမှာလဲ ရဲ စခန်းရှိတယ် နှစ်လုံးသုံးလုံးအမှု နဲ့သူ့တို့ဆီရောက်လဲ ဒီအတိုင်းပြီးသွားတယ်။ လောင်းကစားမှု ထိထိရောက် ရောက်အရေးယူရ မယ်လေ ”

“သူတို့တိုးတိုးတိတ်တိတ်ပေးတဲ့ကိစ္စ၊ ကိုယ့်ကိုတော့ ဘယ်လောက်ပေးတယ်ဆိုတာ ဘယ်ပြောမလဲ၊ ရဲတွေကို မပေးလို့ ရှိရင် ဒီလောက်ထင်ထင်ပေါ်ပေါ်ရောင်းနေတာ ရမလား၊ စဉ်းစားကြည့်လေ။ ရဲတွေ ဒီလောက်အများကြီး ရှိတာ နှစ်လုံး ဆိုတာ နေ့စဉ်နဲ့အမျှရောင်းနေတာ သူတို့ဘာလို့မဖမ်းနိုင်ရမှာလဲ့ လစဉ်ကြေးပေးနေတယ်ဆိုတာ လည်းကြားနေ ရတယ် လေ ” လို့ သူက ဆိုသည်။

ထိုးသားဗိုက်မှောက် ဒိုင်တိုက်ဆောက် ဆိုသည့်စကားအတိုင်း လောင်းကစားဒိုင်များကြီးပွားနေကြကြောင်း သိရသည်။

လောင်းကစားလုပ်သည့် ရပ်ကွက်သူ/သားများအကြား မကြာခဏရိုက်ကြပုတ်ကြ စကားများကြပါက - ဒီနှစ်လုံးထိုးလို့၊ စားစရာမရှိရင် နှစ်လုံးထိုးလို့ ဆိုသည့် အသံကိုသာကြားနေရသည်။

ယခုအချိန် ဒေသခံများက လူမှု့ရေး စီးပွားရေး အထွေထွေဒုက္ခများရင်ဆိုင်တွေ့နေချိန်တွင် ဒိုင်ချုပ်ကြီးကတော့ တစ်ရက် ရောင်းကြေး သိန်း (၂ဝ) (၃ဝ)လောက် ရရှိနေသည်။ ဟိန်းနေသည့် တိုက်အိမ်ကြီးနှင့် ကားကို တစ်စီးမှ နှစ်စီးဝယ်ယူ နိုင်သည်အထိ ချမ်းသာသွားသည်။

ဒါ့ကြောင့်ဟုထင်သည် ဒီလောင်းကစားဒိုင်က တစ်မြို့လုံးကို အုပ်ချုပ်ထားသည်ဟု ခုလို ဆိုပြန်သည်။

“တစ်မြို့လုံးကြီးကို သူတို့ အုပ်ချုပ်ထားတာ (အဆိုပါ ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း) ဇေယျသုခ ကိုယ်တော်တွေ ကအစ ၂ လုံးထိုးကြတာ၊ ၃ လုံးထိုးကြတာ၊ မံစီ မိုးမောက် တစ်နယ်လုံးပဲ၊ ချောင်းထဲဘက်ကနေဆို မန်သာရွာ အဲဒီအထိ နယ်ချဲ့ထားတယ်၊ ကားဆိုလည်း ပထမ ဂျစ်ကားအမိုးဖွင့်လေး၊ အခုဗင်ဖင်ကောက် တစ်စီးထပ်ဝယ်ထားပြန်ပြီ၊ဆိုင်ကယ် ဆိုတာတော့ မပြောနဲ့တော့၊ အစီးပေါင်းမြောက်များစွာပိုင်တယ်။ ” ဟု ပြောသည်။

လောင်းကစားဒိုင်၏ ပိုင်ဆိုင်မှုများသည် ဆင်းရဲသားချွေးနဲစာများဖြင့် ၀ယ်ယူထားသည်ဟု သူအပါအဝင် ဒေသခံများ တထစ်ချ ယုံကြည်နေကြသည်။

ဗမာစစ်အုပ်စုကြီးစိုးသည့် ယနေ့ကာလတွင် လောင်းကစားအမှုဖြင့် အကွက်ဆင်ဖမ်းဆီးခံခဲ့ရကာ ထောင်နန်းစံနေရ သည့် နိုင်ငံရေးသမားများရှိနေသည်ကိုတော့ ပြောမယုံကြံုဖူးမှ သိကြသည်။

သို့သော် လက်ကြီးလောင်းကစားဒိုင်များမှ ရဲများ ဒေသအာဏာပိုင် အဖွဲ့အစည်းများကို လာဘ်ငွေပေးထားသဖြင့် အဖမ်းဆီးမခံရပဲ လွတ်မြောက်နေခြင်းကိုမူ အံ့သြသူမရှိကြချေ။

 

VCD news on January 2012

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။