တရုတ်နယ်စပ်မှတဆင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုံ လမ်းကြောင်းအတိုင်း ပြည်တွင်းသို့ တင်ပို့နေသည့် မော်တော်ကားအပိုပစ္စည်း စည်းကြပ်ခွန် ဈေးနှုန်းများကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်၍ တိုးမြှင့်လိုက်ကြောင်း သိရသည်။
အဆိုပါကား စက်အပိုပစ္စည်း စည်းကြပ်ခွန် ဈေးနှုန်းများသည် ယခင်က အမေရိကန် တစ်ဒေါ်လာ ကျပ် ၄၅၀ ရှိရာမှ ယခု တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ဇန္န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ပုဂ္ဂလိကများအား လုပ်ငန်းသုံးယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ပြည်ပမှ တရားဝင် တင်သွင်း ခွင့်ပြုချိန်တွင် ၄င်းယာဉ်များအတွက် စည်းကြပ်ခွန်ကို အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ သတ်မှတ်လိုက်သည်။
ယခုအခါ မော်တော်ကား အပိုပစ္စည်း စည်းကြပ်ခွန်များကိုပါ ၁၀၀၀ အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း မူစယ် (၁၀၅) မိုင်ရှိ ကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မနေ့က စပြီးတော့မှ ပြည်ပကနေသွင်းတဲ့ ယာဉ် ဆက်စပ်ပစ္စည်းပေါ့ဗျာ စည်းကြပ်ခွန်တန်ဖိုးတွေ ၁၀၅မိုင်မှာ တိုးမြှင့်လိုက်တယ်ဇန္န၀ါရီလဆန်း ပိုင်းက ယာဉ်အစီးလိုက်ပဲ တစ်ဒေါ်လာ ကျပ် ၁၀၀၀ သတ်မှတ်တာ အခု အပိုပစ္စည်းတွေကို ပါ ၁၀၀၀ အထိ သတ်မှတ်လိုက်တာပေါ့ဗျာ ”
“ယာဉ်ဆက်စပ်ပစ္စည်းကတော့ များသောအားဖြင့်တော့ ကားတာယာတို့ ဘက်ထရီတို့ ဒါတွေ အသွင်းများ တာ ပေါ့ ဒါတွေက တစ်နှစ် ၆ လ လဲနေရတာလေ ပြောတော့တာ ၁၀၀၀ လို့ ပြောတာလေ တကယ်တမ်း ပေါက် ဈေးက တစ်ဒေါ်လာမှာ ၁၀၀၀ ကျော်နေပြီ ” လို့ သူက ပြောသည် ။
ထို့အပြင် နေပြည်တော်ရှိ နယ်စပ်ကုန်သွယ်ရေး သွင်းကုန်ဌာနမှ ကုန်ပစ္စည်းတစ်ခုခြင်း အလိုက် သတ်မှတ်ထား သည့် သွင်းကုန်လိုင်စင်ဈေး နှုန်းများသည် လိုင်စင်လျှောက်ရာတွင် မူလသတ်မှတ်ဈေးထက် မြှင့်မားလျှက် ရှိကြောင်း သိရသည်။
ထိုသို့ သွင်းကုန်လိုင်စင် ဈေးနှုန်းများ မြှင့်မားလျှက်ရှိသဖြင့် ကုန်သယ်များ သွင်းကုန် လိုင်စင်လျှောက်ရာ ကြန့် ကြာ မှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။






