သျှမ်းသံတော်ဆင့်

စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

မျက်စိဝေဒနာရှင် ၂ သောင်းခန့်က အခမဲ့ကုသမည် ဆိုသော ကြံ့ဖွံ့ကို ယုံကြည်မှုကင်းမဲ့

E-mail Print

ဒေသအတွင်း၌ အခမဲ့ မျက်စိရောဂါကုသပေးမည်ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကြံ့ဖွံ့အသင်းက ဖိတ်ကြား လိုက်သဖြင့်  မျက်စိဝေဒနာရှင် ၂ သောင်းကျော်ခန့် ဆေးကုသမှုခံယူရန် လာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုသမှုအစီအစဉ်ကို  မိုးညှင်းမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်ခဲ့ ရာ ဝေဒနာရှင်ရာပိုင်းမျှကိုသာ ကုသနိုင်ခဲ့သဖြင့် ကျန်နေသော လူအများစုက ငွေကုန်လူပမ်းဖြစ်ကာ ယုံကြည်မှု ကင်းမဲ့ လျှက်ရှိကြောင်း ဒေသခံများ ကပြောသည်။

ကြံ့ဖွံ့အသင်းက လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက်  စည်းရုံးသည့်အနေဖြင့်  ကချင်ပြည်နယ် နှင့် စစ် ကိုင်းတိုင်းအထက်ပိုင်း ဒေသများဖြစ်သော ကသာ ၊ မော်လူး ၊ မော်ဟန် ၊ မိုးညှင်း ၊ အင်းတော် နယ်တ၀ိုက်ရှိ မျက်စိဝေဒနာရှင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း မိုးညှင်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“မျက်မှန်တွေလည်း အလကားပေးမယ် ဆေးလည်းကုပေးမယ်ဆိုပြီး ပရမ်းပတာဖိတ်လိုက်တဲ့အခါ လူက ၂ သောင်း လောက် ပတ်ဝန်းကျင်ဖြစ်သွားတယ် တပြုံကြီးကားတွေနဲ့ဘာတွေနဲ့ အဲလိုနဲ့လုပ်တဲ့အခါကျတော့ လာတဲ့ လူတွေက တည်းစရာနေစရာ စားစရာ ခက်တယ်လေ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ အဲဒီလူတွေ ကို နေရာချ ထားတယ် ဟိုမှာ မနိုင်မနှင်းဖြစ်ပြီ တန်းစီရတာဆိုလို့ရှိရင်တစ်နေလုံးမနက်ကနေတန်းစီရတာဟိုကလုပ် တဲ့ လူက လည်းမနိုင်ဘူး မကုရပဲနဲ့ပြန်သွားတယ် တချို့များဆို ဆဲကိုသွားတယ် ” လို့ ဒေသခံက ပြောသည်။

၎င်းအပြင် ဆေးကုသမှုခံယူမည့် ဝေဒနာရှင်များထံမှာ ငွေကြေး တောင်းယူမှုများရှိခဲ့သေးကြောင်း သိရသည်။

“ရှင်းရှင်းပြောမယ်ဆိုရင်တော့ လိုက်အုပ်ကြတာပေါ့ဗျာ အုပ်ကြတော့ ဒီမှာမဲရွေးမယ်ဆိုတဲ့ ဗိုလ်မှူး ဟောင်း ညွန့်အောင် က ဘာပြောသလဲဆိုရင် စားတော့စားကြပေါ့ကွာ ဒါပေမဲ့ဘ၀ပျက်အောင်တော့မလုပ်နဲ့လို့ အဲလောက် တောင်ပါးစပ်ကငြီးတယ်လို့ပြောတယ် တချို့က အကြီးအကျယ်ဒေါကန်တယ် တကယ်ကုမလား ဆိုပြီးလာခဲ့ တာလေ ဒီမှာကျတော့ ထင်သလိုမဖြစ်ဘူးပေါ့ တချို့ဆို ညကြီးကားတွေနဲ့ပြန်ကြတာလေ တချို့ဆိုစားစရာမရှိဘူး လေ ထောင်ကြီးသောင်းငွေတာကုန်ပြီးလာတာ ဘာမှအကျိုးမဖြစ်ဘူးလေ ”  သူက ဆက်ပြောသည်။

ဝေဒနာရှင်များကဒေါသထွက်ကာ အိမ်ပြန်သွားသော်လည်း ကြံ့ဖွံ့အသင်းက လူသောင်းနှင့်ချီလာရောက်ခဲ့ သော ယခုစည်းရုံးရေးအစီအစဉ်ကို အောင်ပွဲခံသည့် အနေဖြင့်  နိုဝင်ဘာလ ၂၅ ရက်နေ့ က မိုးညှင်းမြို့ကြံ့ဖွံ့ရုံးတွင် ညစာစားပွဲကျင်းပခဲ့ကြောင်း သိရသည်။

“နံမည်ကြီးတဲ့ ရွှေမြင်တင်ဘုရားကို လိုက်ပို့တယ် ဆရာဝန်တွေကို ကျွေးမွေးတယ် ပြန်သွားပြီးတော့ တနေ့ က ကြံ့ဖွံ့ ရုံးမှာ Dinner party  ပါတီပေးတယ် လုပ်အားပေးခဲ့တဲ့သူတွေကို တချို့ ၅,၀၀၀ တို့ တချို့ ၁၀,၀၀၀ တို့ အဲလိုပေးတယ်” လို့ စောစောက ဒေသခံက ပြောသွားသည်။

 

RSS ဖတ်ရန်

RSS ဖတ်ရန်

 သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။ 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
 
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ဂွဏ်းခေါ် ဒီဇင်ဘာ ၂၀၀၉

Download [pdf]